Monday, December 28, 2009
နာမကျန်းနေ့ရက်များ (၂၃)
ဒီအခန်းထဲမှာ ... ။
တံခါးကို ဘယ်သူပိတ်သွားသလဲဟေ့
အရှိန်အဟုန်နဲ့ ပေါက်ကွဲသွားအောင်
အဲဒီ စိမ်းလန်းကွင်းပြင်များဆီ
ငါထွက်လာမှာ
မသိကြဘူးလား ... ။
အခုထိတော့
ဖရိုဖရဲ စိတ်က
အိပ်ယာပေါ် တုံးလုံးပက်လက် ... ။
ညောင်းညာစိတ်နဲ့
လမ်းထ လျှောက်ဖြစ်တော့လည်း
ခေါက်တုံ့ ခေါက်ပြန်စိတ်က
သစ်ရွက်ဆို သစ်ရွက်
ပန်းပွင့်ဆို ပန်းပွင့် ဖြစ်နေတော့
မခက်လား ... ။
တံခါးရွက်တွေကို တွန်းဖွင့်လိုက်မယ်
နေရောင်နဲ့ လုပ်ထားတဲ့
နွေးထွေးမှုအတုဟာ
ငါနဲ့ ငါကြားက သူစိမ်းတရံ ဆန်မှုကို
ဖြေဖျောက်ပေးလိမ့်မယ်ဆိုတာ
သေချာပေမယ့်လည်း
ဂျက်ချထားတဲ့ စိတ်က
မှောင်သထက် ပိုမှောင်စေခဲ့ပေါ့
ဒီ အခန်းထဲမှာ ... ။ ။
ဟိုတုန်းကအကြောင်းတွေ (၂)
ညည အခန်းပြန်ရောက်ရင်
“ဘာမှ မကျန်ဘူးဟင်း” နဲ့ ထမင်းစားတယ်
ရေတစ်ခွက်ဟာ
မြို့တစ်မြို့လို တန်ဖိုးကြီးမားခဲ့ ။
အဲဒီတုန်းက
အဲဒီတုန်းက ဆိုတာ
အခု ဖြစ်နေတာတွေရဲ့ ဟိုတစ်ဖက်
အဲဒီ ဟိုတစ်ဖက်က နေ့ရက်တွေကို
ပြောတာပါ ။
အဲဒီတုန်းက
“မအောင်မြင်သေးဘူး” အင်္ကျီကို ၀တ်ခဲ့တယ်
နေ့များ ညများ
ဒင်္ဂါးပြားများဟာ
ငါ့ လိပ်စာကို မသိကြသေးဘူး
အက္ခရာတွေဟာ
စာမျက်နှာတွေဆီကို မသွားတတ်သေးဘူး
အဲဒီတုန်းက ။
အဲဒီတုန်းက
ငါဟာ
အက္ခရာတွေကို
လက်နဲ့ရေးခဲ့တာ မဟုတ်ဘူး
ဦးခေါင်းနဲ့
နှလုံးသားနဲ့
အသက်ဓာတ်နဲ့ ရေးခဲ့တာပေါ့
အခု ဒီကဗျာရေးသလို ။
အဲဒီတုန်းက
ငါ နည်းနည်းငယ်သေးတယ်
မိန်းမတစ်ယောက်ကိုတော့ ချစ်တတ်နေပြီ
အရက်ဖြူတစ်ပုလင်းကို ကုန်အောင်သောက်တတ်နေပြီ
ဝီလျံဘလိတ် ရဲ့ “ဖျားတဲ့နှင်းဆီ” ကဗျာကို ခံစားတတ်နေပြီ ။
မုန်းတိုင်းရဲ့ အသံကို နားထောင်တတ်နေပြီ
အဲဒီတုန်းက ။
အဲဒီတုန်းက
ပျော်ရွှင်တယ်
နာကျည်းတယ်
ရယ်မောတယ်
စိတ်လှုပ်ရှားတယ်
ကိုယ့်ကိုယ်ကိုလည်း သိပ်ယုံကြည်တာပဲ ။
အဲဒီတုန်းက
“ဘာမှ မဆန်းဘူးပြဇာတ် ” ကို
တစ်ယောက်တည်း မကတတ်သေးဘူး
အဲဒီတုန်းက
“မြည်နေတဲ့ ထရမ်းပက်” ကို
မရေးနိုင်သေးဘူး
အဲဒိတုန်းက
ငါ့အရေပြားပေါ်မှာ ဆေးမင်ကြောင်တွေ မရှိသေးဘူး
အဲဒီတုန်းက
မီးသတ်ကားတွေ ငါ့ဆီကို မလာကြသေးဘူး ။
အဲဒီတုန်းက
သြော် .. အဲဒီတုန်းက
ကျောက်တုံးကြီးကို မ, မကြည့်ဖူးသေးဘူးကွဲ့ ။ ။
Saturday, December 26, 2009
ဒိုင်ယာရီ
အကြိမ်ကြိမ် အထပ်ထပ်ရေးခဲ့
တစ်အုပ် နှစ်အုပ် မှန်မှန်ရေးခဲ့
ဘ၀တစ်လျှောက်လုံးရေးခဲ့
(စာအုပ်တိုင်းမှာ ကွက်လပ်တွေပါသလို
မီးသင့်စာမျက်နှာတွေလည်းပါခ
ဒီလိုနဲ့ အရွယ်ရချိန်တစ်နေ့ အခန်းကို ရှင်းတော့
ဒိုင်ယာရီဟောင်းတွေကို ပြန်တွေ့ပေါ့ ။
တစ်ချို့ ၀ါကျင့် ၊ တစ်ချို့ စာရွက်တွေ ပြုတ်ထွက်
တစ်ချို့ ခြတက်၊ တစ်ချို့ ကတော့ သစ်လွင်နေဆဲ
“အချိန်တွေ ကြာခဲ့ပါပြီကော” လို့ ရေရွတ်ရင်း
ဒိုင်ယာရီဟောင်းတွေကို ပြန်ဖတ်တော့
အံ့သြစရာ
သူတစ်ပါးအကြောင်းတွေက စာမျက်နှာ အတော်များများမှာ နေရာယူလို့
သူ့အကြောင်းကတော့ မြူမှုန်မျှသာ
အကြိမ်ကြိမ်ပြန်ဖတ်လေ သူဟာ ပိုသေးငယ်သွားလေ
နောက်တစ်နေ့မှာ သူသေဆုံးခဲ့လေပြီ ။ ။
Friday, December 25, 2009
တတိယကဗျာ
ငါတို့ကဗျာ ၀ပ်ရှော့က
ကဗျာတစ်ပုဒ်စီ ရေးယူခဲ့ရမယ် ပြောတယ်
ငါက နှစ်ပုဒ်ရေးမိသွားတယ်
သူတို့ကို နှစ်ပုဒ်လုံး သွားပြရင်
ဖတ်နေကြရမှာ အားနာစရာ
ကဗျာနှစ်ပုဒ်ကို ခွဲဖတ်လို့လည်း မကောင်းဘူး
ခေါင်းချင်းဆက်ထားသလိုမျိုး
ပြီးတော့ လူကြားထဲ
ပေါ်တင်ကြီးဖတ်လို့ မသင့်ဘူးထင်တယ်။
ဒါနဲ့ပဲ ဒီ တတိယကဗျာကို ရေးလိုက်ရတယ် ။
သူကိုတော့ ဘယ်လိုဖတ်ဖတ်
ကျယ်ကျယ်အော်အော်
တိုးတိုးညဉ်းညဉ်း
စိတ်နဲ့ ရွတ်ရွတ်
တစ်ခုပဲ
ငါယူမသွားတဲ့ ကဗျာနှစ်ပုဒ်တော့
ဟောဒီ တတိယကဗျာထဲ
ဝှက်ထားလိုက်မိတယ်
Three in one ပေါ့ ။
ဒါကို
အခု ဖတ်ရင်း တွေ့ သွားကြရင်လည်း
ခံစားကြပစေတော့ပေါ့
နင့်နဲ ကြေကွဲကြဦးပေါ့
ရင်ဘတ်တွေတုန်သွားအောင် ထိခိုက်ကြစမ်းပေါ့
ငါတော့
မသိချင်ယောင်ဆောင်ပြီး ဟိုသည် ငေးနေလိုက်ရုံ ။ ။
အရက်သမား-၃

ငါတို့ မျက်နှာငယ်ခဲ့ကြ
ငါတို့အဖေဟာ
ငါတို့ဘ၀ကို စားနေတဲ့ ကျောက်ပဲ
ရွှေ့မရဘူး မျက်လုံးတွေ
ညီမလေးက
မျက်ရည်နဲ့ လည်စင်းခံသလောက်
ငါက ဒေါသနဲ့ ခုခံပျောက်ဆုံးရတယ်
လောင်းကစား
ငါတို့ဘ၀ကို လောင်းပြီး အဖေကစားခဲ့
အချိန်တန်တော့
နံရံကို စက်သေနတ်မှန်တော့တာပဲ
တစ်အိမ်လုံး စကာပေါက်တွေ ဖြစ်လို့
ညဆို
ကြယ်ရောင်နဲ့ လင်းနေတဲ့ ငါတို့အခန်း
မိုးစက်တွေလာကြ
နှင်းစက်တွေ လာကြ
စက်ယန္တရားတွေ ရိတ်သိမ်းလို့မရတဲ့
လျှာပေါ် မြက်ရိုင်းတို့ ထူထဲ ပေါက်ရောက်ရာ
ငါတို့ အခန်းလေမတိုက်ဘူး
ဘယ်ရှိုက်သံမှလည်း လိုက်မသေဘူး ရှင်သန်လို့
ရှိန်းရှိန်းထနေတဲ့ အခန်း
ကျွန်တော်တို့ဟာ ဓားစာခံတွေလား
သုံ့ပန်းတွေလား မဟုတ်ပါဘူး
အရိပ်ထွက် သစ်ပင်ပါ
အပွင့်သန်တဲ့သမိုင်းပါ
ဘမ္ဘာကို ကြည့်လိုက်ရင်
သားကို ချစ်တဲ့ အဖေနဲ့
သမီးကို ချစ်တဲ့ အဖေနဲ့
ရွှေကြောကြီးဆွဲထားသလို ရှင်းလို့
ကမ္ဘာကို ကြည့်လိုက်ရင်
စစ်ရိတ်စစ်ငွေ့ ပြယ်သွားတဲ့ နေ့တစ်နေ့နဲ့
တိတ်တဆိတ် ထွက်လာတဲ့ ကောင်းကင်ပြာနဲ့
ဒီမှာတော့
နေ့စဉ် ပေါက်ကွဲသံ ၊ ညံလို့
အဲဒီ ပေါက်ကွဲသံက မီးမထွက်ဘူး
မီးမထွက်တဲ့ ညစာဟာ
အခန်းထောင့်က အဆီးအတားမရှိ
လည်ချောင်းကို ဖြတ်စီးသွားတဲ့ ရေပဲ
ဒီရေက အဖေသောက်တဲ့ အရက်ထက်
ကျွန်တော်တို့ကို ပိုပြီးပူလောင်
ပိုပြီး ရက်စက်စေခဲ့ပေါ့
အဖေ သိနိုင်ပါ့မလား
ကျွန်တော်တို့တတွေ
အဖေနဲ့ အတူ ခွေးကတက်တစ်ခုကို
အတူကျော်တက်နေကြတယ် ။ ။
အော်တိုပက်စ်*

ဖြစ်နိုင်ခြေ မရှိသော အရာများထဲမှာ
ငါတို့ဟာ လက်တွေ အများကြီးနဲ့
လာခဲ့ကြတယ်။
ဖြစ်နိုင်ခြေမရှိသော အရာများထဲမှာ
စိဉ္ဇမာဏလည်းဖြစ်ပြီး
နာဠာဂီရိလည်း ဖြစ်တယ်။
ဖြစ်နိုင်ခြေမရှိသော အရာများထဲမှာ
နပိုလီယန်ရဲ့ သုံ့ပန်းနှစ်များလည်းဖြစ်ပြီး
ဂျက်ဆင်ပေါလော့ရဲ့ အနုပညာခေတ်များလည်း ဖြစ်တယ်။
ဖြစ်နိုင်ခြေမရှိသော အရာများထဲမှာ
ဝေါထရိတ်စင်တာ လဲပြိုခြင်း နှစ်ပတ်လည်ဖြစ်ပြီး
ထိုသတင်းကို ထုတ်လွှင့်နေသော
ရုပ်မြင်သံကြားထဲမှ
မိဘမဲ့ သားသမီးများလည်း ဖြစ်တယ်။
ဖြစ်နိုင်ခြေမရှိသော အရာများထဲမှာ
အသည်းကွဲသူရဲ့ အခန်းမှ
စံပယ်ပန်းကုံးဖြစ်ပြီး
ရေမှာ မပျော်ပဲ ဆီမှာ အကြော်ခံရတဲ့
ငါးတစ်ကောင်လည်း ဖြစ်တယ်။
ဖြစ်နိုင်ခြေမရှိသော အရာများထဲမှာ
လူသားသည်
ဆုံးရှုံးမှု အမှတ်တံဆိပ်ဖြစ်ပြီး
ထိုဓာတ်ပြား
သန်းပေါင်းများစွာ ရောင်းချရသော
အောင်မြင်ခြင်းလည်း ဖြစ်ရလေတယ်။
သင်ဖြစ်ခဲ့တယ်
ငါဖြစ်ခဲ့တယ်
ခွေးဖြစ်ခဲ့တယ်
လူဖြစ်ခဲ့တယ်
ဒီလောက်များတဲ့ လက်တွေထဲမှာ
အချစ်တွေလား
စစ်တွေလား
ဘာကိုမျှ မဖျစ်ညှစ်ချင်တော့ဘူး ။ ။
*Octopus
ပုန်းကွယ်သူ
သူရှိနေစဉ်အခါက
သူ့မိခင်ရဲ့ မျှော်လင့်ချက်တွေနောက်မှာ
သူပုန်းကွယ်နေခဲ့တယ် ။
သူလမ်းလျှောက်တတ်လာတော့
ကြမ်းပြင်တွေပေါ်မှာ ဆော့ကစားတဲ့အခါ
သူ့ကိုယ်ပိုင် အရုပ်တွေ နောက်မှာ
သူပုန်းကွယ်နေခဲ့တယ်။
စာသင်ကျောင်း အခန်းတစ်ခုထဲမှာ
သူသင်ကြားနေရစဉ်က
ကျောင်းစာအုပ်တွေနဲ့ ဆုတံဆိပ်တွေ နောက်မှာ
သူပုန်းကွယ်နေခဲ့တယ်။
ဒါပေမယ့် သူ့မျက်လုံးတွေထဲကို ကြည့်လိုက်ရင်
တစ်စုံတစ်ခုသော ကြောက်ရွံ့မှုကို
တွေ့ရလိမ့်မယ်။
သိပ်မကြာခင်တော့
ပိုပြီး ကောင်းမွန်တဲ့ ခံတပ်တွေ
သူရှာဖွေတွေ့ရှိလာခဲ့တယ်။
ငွေကြေးနဲ့ အောင်မြင်မှုနောက်မှာ
သူပုန်းကွယ်နေခဲ့တယ်။
ဖြစ်တည်မှုဝါဒနဲ့ သူ့ဆံပင်ရှည်တွေနောက်မှာ
သူပုန်းကွယ်နေခဲ့တယ်။
တစ်ခါကတော့
အရက်ခွက်တွေ
ဆေးလိပ်မီးခိုးငွေ့တွေနဲ့ လုပ်ထားတဲ့
မိုးတိမ်အတုတွေရဲ့ နောက်မှာ
သူပုန်းကွယ်နေခဲ့တယ်။
ဒါပေမယ့် သူ့မျက်လုံးတွေကို ကြည့်လိုက်ရင်
တစ်စုံတစ်ခုသော ကြောက်ရွံ့မှုကို
သင် တွေရလိမ့်မယ်။
သူကို ကြောက်ရွံ့စေတဲ့
အဲဒီ တစ်စုံတစ်ခုကို
ဘယ်အရာဆိုတာ သူမသိသေး
အဲဒီ မသိမှုထဲမှာ နစ်မြုပ်နေတာကြောင့်
သူ့ရဲ့ ကြောက်ရွံ့မှုဟာ
ပိုပြီး လေးလံနေတော့တယ်။
သူကတော့ အခုထိ ပုန်းကွယ်နေဆဲ
သူဘယ်နေရာမှာ ရှိနေရှိနေ
အလင်းရောင်ဆီကိုသာ မျက်နှာမူလို့ပေါ့
အဲဒီလိုနဲ့ ခြောက်ခြားစရာ အမှောင်ထုတွေကို
သူကျောခိုင်းနေခဲ့တယ်။
ဒါပေမယ့် အမှတ်မထင်
အလင်းရောင်ကို ကျောခိုင်းမိတဲ့ခဏ
ထွက်ပေါ်လာတဲ့ သူ့ရဲ့ အရိပ်ထဲမှာ
အဲဒီ တစ်စုံတစ်ခု လှုပ်ရှားနေတာကို
ဝိုးတ၀ါး တွေ့ရှိလိုက်ရရဲ့ ။ ။
ကျွန်တော်အဖေကို ကျွန်တော် ပြန်ခေါ်မိတာပါ

အဖေ့လောက် မကြင်နာဘူး၊ မချစ်ဘူး
အဖေခဏခဏ မှာတယ်
ဒီကောင့်အတွက် ရင်လေးလိုက်တာ
ဒီကောင် အတီး အတနဲ့
ဒီကောင် တဇောက်ကန်းလုပ်ချင်တဲ့ကောင်
ဒီကောင် ကိုယ်နဲ့မဆိုင်လည်းဝင်ပါ
ဒီကောင် တကယ်မလွယ်တဲ့ကောင်
ငါ သိတတ်စပါပဲ
အမေငါ့ကို ပစ်သွားတယ်
အဖေဟာ အမေဖြစ်လိုက် ၊ အဖေလို အဖေပီသလိုက်
ဆံပင်တွေ ဖြူလိုက်
အရိုးပေါ် အရေတင်လိုက်
ရှုံးလိုက်၊ နိုင်လိုက်
ငါတို့ အိမ်လေးကို ရောင်းမယ်ကြံလိုက်
ယောက်ျားပဲကွ
အင်္ကျီနှစ်ထည် ပုဆိုးနှစ်ထည် ရှိရင်တော်ပြီ
ကိုယ့်ရှိတာကိုယ်ဝတ်တာ ဘာကို ဂရုစိုက်ရမှာလဲ
ရော့ စား သား ၊ ငါတို့ကို ဘုရားကျွေးနေတာ
ညနေ (၆) နာရီ ဘုရား ရှိခိုးရမယ်
ကြားလား သား
ကျောင်းအပ်ရင် အဖေကိုယ်တိုင် လိုက်အပ်ပေးနေကျ
အမေ့နာမည်မေးတော့
အဖေငါ့ကို ကြည့်ပြီး မျက်နှာမကောင်းဘူး
“ကလေးရဲ့အမေ ဆုံးသွားရှာပြီ ဆရာမ”
ဒါပဲ အဖေ ဒါပဲ တတ်နိုင်ခဲ့တယ်
ဘေးလူတွေ ကရုဏာသံညင်းညင်း သက်ပြင်းချ
သြော် .. သနားစရာလေးပဲ။
မုန်းစားကျောင်းဆင်းတိုင်း
အမေတွေကြားမှာ အဖေတိုးဝှေ့ပြီး ငါ့ဆီလာတယ်။
အဖေ၀ယ်လာတဲ့ ခေါက်ဆွဲသုပ်တွေ
အဖေ့လက်နဲ့ ငါ့ပါးစပ်ထဲ ခွံ့ထည့်
ဒီလိုနဲ့ ငါအရပ်နည်းနည်းမြင့်လာတယ်။
ကိုယ်အလေးချိန် နည်းနည်း တိုးလာတယ်
အဖေထင်သလို
ငါအရွယ်မရောက်ခင် အဖေဆုံးတယ်
အဖေ့မြေကျင်းထဲ ငါခဲတွေ ချပေးလိုက်တယ်
အဖေ့နှာခေါင်းသွေး လျှံထွက်နေတယ်
အဖေမွန်းကျပ်နေမယ်ဆိုတာ သိပါတယ် အဖေ
အဖေ.. ကျွန်တော် ကဗျာဆရာ ဖြစ်နေပြီဗျ
အဖေလုံးဝ မျှော်လင့်မထားဘူး မဟုတ်လား။
ကြည့်ပါဦးအဖေ ၊ အဖေ့သားလေ
ကဗျာဆရာဟာ အဖေ့ရဲ့ သားလေ
ဆံပင်စုတ်ဖွားနဲ့ ပေတေလေလွင့်နေတဲ့ အဖေ့သားစစ်စစ်
ကဗျာဆရာ တစ်ကောင်ကြွက်လေ
ကျွန်တော့်အသံ အဖေ ကြားသလို
အဖေ့အသံ ကျွန်တော် ကြားရတယ် အဖေ
စိတ်သာချအဖေ
ကျွန်တော် အဖေ့နောက်က လိုက်ခဲ့မယ်
တစ်နေရာရာမှာ တစ်စုံတစ်ခု အဖြစ်တွေ့ကြတာပေါ့
အခု ကျွန်တော် မျက်စိသူငယ် နားသူငယ်
ယုန်ကလေးယောင် ဆောင်လိုက်ဦးမယ်
ဘိလိယက်ကလပ် - ၎

ကျွန်တော့်အနေနဲ့
ဘိလိယက်ကလပ်တစ်ခုကို ပိုင်ဆိုင်နေရတဲ့ဘ၀က
လွတ်မြောက်ချင်ခဲ့ပါပြီ။
ကျွန်တော်တို့ဟာ
ဘိလိယက် စားပွဲမှာ နေ့စဉ် မျက်နှာချင်းဆိုင်ရ
စိတ်ရှိသလောက် ဆန့်ထုတ်ထားတဲ့
တုတ်တံရှည်များကိုင်ပြီး မုဆိုးဆန်ဆန် ချောင်းမြောင်းရ
ကိုယ်လိုချင်တဲ့ သားကောင်ကို မာယာပရိယာယ်ဆင်
ထောင်ချောက်ထဲသွင်းကြရ
အစိမ်းရောင် သက္ကလပ်တောမှာ အရောင်မျိုးစုံ လိမ့်နေတဲ့
မက်မောမှုများ
ကိုယ်နိုင်လိုက်တဲ့ပွဲက ကျေနပ်ဖွယ် အပြည့်အ၀ရရဲ့လား
ကိုယ်ရှုံးလိုက်တဲ့ပွဲက ဂုဏ်သိက္ခာရှိရှိနဲ့ ဟုတ်ရဲ့လား။
ကျွန်တော်တို့ဟာ
လူကြီးလူကောင်း ဟန်ချက်နဲ့
လူသတ်သမားလို ဆတ်ခနဲ ထိုးချိန်ပစ်ချလိုက်ကြ
တစ်ယောက်ကို တစ်ယောက် ကွက်တိ . . .
ကျွန်တော်တို့ဟာ
ပိုက်ဆံနဲ့ ဘ၀အပေါ် ရမ္မက်ထ
ဘိလိယက် တစ်ပွဲလောက် ကစားလိုက်ရမှ
နေသာထိုင်သာရှိ။
ခမ်းနားတဲ့ အဖြေတစ်ခုမရခင်
ကျွန်တော်တို့ ရုတ်သိမ်းသင့်ရဲ့လား
ဟောဒီ ဘိလိယက်ကလပ်ကို ။ ။
သိမ်းဆည်းခံထားရသော ဖြစ်ရပ်များ

အဲဒီဖြစ်ရပ်ကို
တစ်ခါတစ်ခါတော့
သူ ပြန် ပြန် တွေးချင်လာ
စက်ဘီးတစ်စီးပေါ်တက်
အမြန်ဆုံးနင်း
လူတွေနဲ့ ဝေးရာရောက်အောင်
အမြန်ဆုံးနင်း
သူ့ကို မမြင်နိုင်အောင်
အမြန်ဆုံးနင်း
အဲဒီလို စိတ်ချရပြီဆိုမှ
စက်ဘီးကိုရပ်လို့
ဖြစ်ရပ်ထဲက ကိစ္စကို တွေးလေတယ်
ရုတ်တရက် ပျော်မြူးသွား
အားရပါးရ ရယ်ချလိုက်တော့တယ်။
ပြီးစီးသွားမှ
မျက်နှာပိုးသပ်
တည်ငြိမ်တဲ့ အသွင်နဲ့
လူတွေထဲ ပြန်လာ
သူ့ပုံက အေးအေးဆေးဆေး
အဲဒီ
သူကိုယ်တိုင် တွေ့ခဲ့တဲ့အဖြစ်
ဘယ်သူ့ကိုမှ သူပြောမပြခဲ့။
Thursday, December 24, 2009
မဒမ်တူးဆော့မြို့သို့ပေးစာ
လူကြီးမင်းတို့ဆီ ကျွန်တော် မကြာခင်လာရောက်တွေ့ဆုံဖို့ ရှိပါတယ်
ကျွန်တော်ဟာ လူတစ်ယောက်အနေနဲ့
ထူးဆန်းအံ့သြဖွယ် ရုပ်တုတွေနဲ့ စကားပြောဖို့ အစီအစဉ်ပဲဖြစ်ပါတယ်။
လျှို့ ၀ှက်တိတ်ဆိတ်တဲ့ ရုပ်တုတွေနဲ့ ကခုန်ဖို့ ကြိုးပမ်းမှုလည်းဖြစ်ပါတယ်
ခင်ဗျားတို့ ဟာ မဒမ်တူးဆော့မြို့က လူကြီးလူကောင်းတွေအနေနဲ့
ကျွန်တော့်ကို တစ်စုံတစ်ခုပြောပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်
ခင်ဗျားတို့ကို ဖန်ဆင်းတဲ့သူတွေဟာ တစ်ချိန်မှာ သေဆုံးသွားကြပြီး
ခင်ဗျားတို့ကတော့ ထာဝရရှင်သန်ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်
နှောင်းလူတွေဟာ ခင်ဗျားတို့ကို လာရောက်ကြည့်ရှု့ပြီး
ခင်ဗျားတို့ဟာ တစ်ချိန်က လူဖြစ်ခဲ့ကြောင်း အသိအမှတ်ပြုကောင်းပြုကြပါလိမ့်မယ်
ခင်ဗျားတို့ရဲ့ ငြိမ်သက်မှုဟာ ကမ္ဘာကြီးကို ထိတ်လန့်စေမှာဖြစ်ပါတယ်
ခင်ဗျားတို့ နေထိုင်ရတာ ပျော်ရွှင်ရဲ့လား ရုပ်တုများခင်ဗျား
ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့
လူကြီးမင်းတို့ဆီ ယခုလို ဆက်သွယ်ရခြင်းဖြစ်ပါတယ်
ကျွန်တော်ဟာ ကျွန်တော့်ကိုယ်ကျွန်တော်
ဖယောင်းရုပ်တုတစ်ခု ဖြစ်မှန်း ရိပ်မိခဲ့တာကြာပါပြီ
အခုဆိုရင် လူတွေရဲ့ ကောက်ကျစ်မှုတွေနဲ့ ပူလောင်နေတဲ့ ကမ္ဘာကြီးမှာ
ကျွန်တော်ဟာ တစ်စ တစ်စ အရည်ပျော် ပုံပျက်နေခဲ့ပါပြီ
ကျွန်တော့်ကို ထုလုပ်ခဲ့တဲ့ တစ်စုံတစ်ယောက်ရဲ့ အမည်ကိုလည်း စုံစမ်းမရခဲ့ပါဘူး
ကျွန်တော်ဟာ ခင်ဗျားတို့ ရုပ်တုတွေ နေထိုင်တဲ့
မဒမ်တူးဆော့မြို့ကို စိတ်ဝင်စားနေခဲ့တာ ကြာပါပြီ
ကျွန်တော်ဟာ ရုပ်တုတစ်ခုဖြစ်မှန်းနားလည်မိတဲ့ နေ့ကစလို့ပေါ့
မဒမ်တူးဆော့ဟာ ကမ္ဘာကြီးရဲ့ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်တစ်ခု ဖြစ်လိမ့်မယ်
လူကြီးမင်းတို့ဆီ ကျွန်တော် မကြာခင် ရောက်ရှိလာဖို့ ရှိပါတယ်
လူယောင်ဆောင်ထားတဲ့ ရုပ်တုတစ်ခုအနေနဲ့ ။ ။
Wednesday, December 23, 2009
နားများ
ငါ့မှာမရှိတော့
ငါ့အနားမှာ မရှိတော့
ဝေးကွာခဲ့ရ .. ကြာမြင့်ပြီ။
ငါပိုင်ဆိုင်တယ်လို့
ယုံမှတ်နိုင်ပေမယ့်
သူတို့က.. ဟို အဝေးမှာ
ခရီးတစ်ခု နှင်နေကြတယ်။
ခက်ပုံက
(မဆီမဆိုင်)
ဟို အဝေးကြီးက အသံတွေ
ကြားနိုင်နေတာပဲ
ဘာတွေမှန်း မသိတာကို
ဖွင့်ဆိုရ
တုံ့ပြန်ရ
မှတ်သားရနဲ့
နားတွေ ခရီးနှင်သမျှ
ငါနဲ့ ငါ့ဦးနှောက် သွပ်ချောင်ခဲ့ရ ။
ငါ့အနီးအနားနဲ့
ငါ့မှာတော့
အကြားအသိမရှိ
တုံးတိတိသာ
မျက်လုံးထဲဝင်လာသမျှ
ဟန်ပြ မှန်းဆ ငါ့နေ့များ
ကြာမြင့်ပုံမှန် ဒီတိုင်းသွား ။
သီချင်းတစ်ဝက်မှာ စိုက်ဝင်ခဲ့သောဓား
ငါ့မှာ အကုန်ကြွေလိုက်ရတယ်
အစကတည်းကမှ ခြောက်သွေ့ပြီး ရနံ့မဲ့တဲ့ စက္ကူပန်းလေးမို့
ထင်တာထက်ပိုပြီး မိုးတွေရွာလည်း မပျော်ရွင်နိုင်တော့
တကယ်ဆို
ငါအကြေကွဲဆုံးဖြစ်ရပ်တွေပေါ
ပင်လယ်မှာပြန်ဆုံဖို့
အပြေးအလွှား စီးဆင်းခဲ့ရတဲ့မြစ်တွေလို
ငါတို့ အဖြစ်က ကောက်ကွေ့နေလိုက်တာ ။ ။
Monday, December 21, 2009
ညရေးညတာအလွမ်း
ကြေကွဲရောင်သန်းနေပြန်းပါပြီ။
ခဏ ခဏ ပြောနေရရင် မကောင်းဘူး
ကြာလာရင် ..
မေမေလည်း စိတ်ပျက်မယ်။
ကျွန်တော့်မေမေရဲ့ ၀မ်းရေးစပ်ကဗျာ
မလိမ္မာဘူး
နည်းနည်းလေးမှ မလိမ္မာဘူး
မျက်ရည်နဲ့ တဖွဖွ။
အခု .. ဖြစ်နေတာက စိတ္တဇဆန်တယ်
ပန်းတွေ ပွင့်နေတာက အစ
လေပြေလေညင်းလေးတွေအဆုံး
ကျွန်တော့်မှာ ထိလွယ်ရှလွယ် ။
အခုလည်း .. မေမေ့ အိမ်ကလေးရဲ့ အဝေး
ပြန်နေတဲ့ ချွေးစေးတွေထဲ
မေမေ့မျက်ရည်တွေ
ရာခိုင်နှုန်း ဘယ်လောက်များပါနေမလဲ
တွေးမိတွေးရာ
ကျွန်တော်က မလိမ္မာဘူး ။
အပူသည်
နေရောင်နဲ့ ပြန်သထားတဲ့
မနက်ခင်းတစ်ခုမှာပါ ။
ကျွန်တော် အရူးအမူးဖြစ်နေတာကတော့
အိပ်မက်ထဲက
မွှေးမြတဲ့ နားရွက်ကလေးတစ်ဖက်ပါပဲ ။
လေကလည်း တဟူးဟူး တိုက်နေရဲ့
နှလုံးသားပေါ်မှာ
ခိုကိုးရာမဲ့ ကျီးကန်းတစ်ကောင်ဟာ
တစာစာအော်နေရဲ့ ၊
အလွမ်းတွေ ဖွာလန်ကျဲလို့
မြင်မကောင်းအောင် ငိုထားတဲ့
တေးသွားလေးလိုပဲ သက်ဆင်းခဲ့ ၊
သိပ်တော့လည်း မဆန်းပါဘူးကွယ်တဲ့
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်တော့်ကို ချွေးသိပ်တယ် ၊
ရေတံခွန်အောက်ဝင်လည်း အပိုပဲ ၊
နှလုံးသားတစ်ရပ်စာသာမြင့်တဲ့
မျှော်စင်တစ်ခုဆောက်ပြီး
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ် ၊
မီးကို စတင်တွေ့ ရှိသူဟာ ကျွန်တော်ဖြစ်နေရဲ့ ။ ။
နေထိုင်ဖြစ်တည်ခြင်းအကြောင်း
နောက်တစ်ချပ် ထပ်မဖွင့်နဲ့တော့
ကိုယ်ပူချိန်တက် ကားအင်ဂျင်သံ
လည်ချောင်းကွဲ ချောင်းခြောက်ဆိုးသံ
တစ်ခြမ်းလောက်ပဲ လက်ခံချင်တယ်
ဈေးသည်မိန်းမ
နောက်ကျကျန်ရစ် ခြေတစ်ဖက်
အမြီးကုပ်ကုပ် ခွေးတစ်ဝက်
တိမ်လေးပုံတစ်ပုံနဲ့ ကန့်သတ်ကောင်းကင်
အနားယူ ဆူပါကပ်၊ မတ်တပ်ဓာတ်တိုင်
ဆိုက်ကား ကွန်ပေါင်းတာယာ ရှေ့ဘီးနံပါတ် သုံးသုံးကိုး
တာတို အပြေးပြိုင် တယ်လီဖုန်းကြိုးနဲ့ ဓာတ်ကြိုး
သွားလေသူ စက္ကူစွန်အရိုးစု
ခုန်ဆွစာကလေး ကိုးကောင်ခွဲ
သက်တမ်းလွန် တဲတစ်လုံးရဲ့ အပေါ်ဖွင့် ပြတင်းပေါက်
ဒီပြတင်းပေါက်မှာ တင်ဆက်နေတဲ့ ရေသည်ပြဇာတ်
မြွေအရေခွံလမ်း အပြတ်တစ်စ
အားလုံး ပြတင်းပေါက် တစ်ဝက်မှာ
ယာယီ ကော်နဲ့ကပ်လို့
ကျန်တံခါးတစ်ချပ်ကို ဖွင့်လိုက်ရင်
ဘာတွေမြင်ဦးမလဲ
သိတော့ သိလိုက်ချင်ပါသေးတယ် ။ ။
ရပ်ကွက်
ပျော်စရာနည်းနည်း
လွင်ပြင်
ဖုန်မှုန့်နဲ့ မြက်ခြောက်
ပိုးလောက်လန်းထူပျစ်
ခိုအိမ်လို
ပရိဘောဂများအနှံ့
ဖရိုဖရဲအရာများ ပွတွန့်သော
အခန်းရှည်မျောမျောလေးထဲမှာ
သူတို့ တစ်နေ့တာလုံး နေထိုင်ကြတယ်
သူရယ်
သူ့ညီမ သုံးယောက်ရယ်
ချာတိတ်နှစ်ကောင်ရယ်
မွန်းလှောင်နေကြမှာပဲ
ပွဲလမ်းရာသီ ရှိတဲ့ ရက်များဆို
တစ်အိမ်သားလုံး အလည်ထွက်ကြပေါ့
အထီးတည်း တိတ်ဆိတ်နေတဲ့ အခန်းမှာ
ကျန်ရစ်ခဲ့တာ
သူနဲ့
လမ်းမကို ကြောက်မက်ဖွယ် ငေးမျှော်နေတဲ့
သူ့ရဲ့ မျက်ဝန်းလှလှတစ်စုံ ။ ။
ထိုင်နေကျ
အဲဒီဆိုင်လေးမှာ
(ကဖေးဆိုင်လေးပါ)
တစ်ယောက်တည်း စွဲစွဲမြဲမြဲ
ထိုင်ဖြစ်ခဲ့ ။
ပေါ့ပေါ့ပါးပါး ၊ လွတ်လွတ်လပ်လပ်
ရူးရူးမူးမူး ...
တခြိုက်မက်မက် ...
အဲလို
ယုံကြည်မှုတွေနဲ့ ။
အခုရော
တစ်ယောက်တည်းပါပဲ
အမြဲမဟုတ်တောင်
အားတိုင်း သွားထိုင်ဖြစ်တယ် ။
ဒါပေမယ့်
အရင်လိုမဟုတ်ဘူး
အရင်တုန်းကဆို အခုလို တာဝန်မျိုးကြီးနဲ့ မဖြစ်ဘူး
အရင်တုန်းကဆို အခုလို တင်းကြပ်မှုမျိုးကြီးနဲ့ မဖြစ်ဘူး
အရင်တုန်းကဆို အခုလို ညစ်ထေးမှုမျိုးတွေနဲ့ မဖြစ်ဘူး
ထိုင်တော့ ထိုင်ဖြစ်နေဆဲ ။
အဲသလိုနဲ့
တွေဝေလေသမျှ မသိခြင်းများကို ၀န်ခံရင်း
အကျအဆုံးများတဲ့ဇာတ်ကို က,ရင်း
မနိုင်ဝန်ကို မေ့လျော့နိုင်သလောက် မေ့လျော့ရင်း
တိုးပွားလာတဲ့ ဗျာပါဒတွေသာ
ရှက်ရင်း
အဲသလို
ယုံကြည်မှုတွေနဲ့
အဲဒီဆိုင်လေးမှာ
ထိုင်ဖြစ်နေဆဲ
တစ်ယောက်တည်း .... ။
Saturday, December 19, 2009
ခင်ဗျားနဲ့ ကျွန်တော်လည်း ဒီလိုပဲ အိုတော့မယ်

ဒီလိုပဲ
ခင်ဗျားတို့ တွေးခေါ်ခဲ့သလိုပဲ
ခင်ဗျားတို့ ထူးဆန်းခဲ့သလိုပဲ
ခင်ဗျားတို့ ရိုးအီခဲ့သလိုပဲ
အီရတ်ဆီ အပျော်ခရီးထွက်ဖို့ ခင်ဗျားတို့ မစဉ်းစားခဲ့သလိုပဲ
ပိုက်ဆံမရှိတဲ့ရက်မှာ အနုပဋိလောမကို
အတည်ပေါက်ရွတ်ခဲ့သလိုပဲ
ခင်ဗျားငိုခဲ့သလို ကျွန်တော် ရယ်ခဲ့ဖူးသလိုပဲ
အသည်းအသန်လုစီးရတဲ့ ဘတ်စ်ပေါ်
(၇၀) ကျော် အဘွားကြီးလည်း
မညဉ်းတော့သလိုပဲ
မိန်းမတစ်ယောက်ရှိဖို့လိုအပ်ကြောင်း
သွေးသားကတောင်းဆိုခဲ့သလိုပဲ
နတ်ပွဲလည်းကြိုက် ချဉ်ငံစပ်လည်းကြိုက်
မရှက်တရှက်လေး ဖော်ရမှာကြိုက်တဲ့
ခေတ်ပေါ် မိန်းမများရဲ့ လူရာဝင်သလောက်ပါပဲ
ခြေတစ်ဘက်ပြတ်သွားတဲ့
ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို
ကမ္ဘာကြီးက စဉ်းစားမပေးသလိုပဲ
ခင်ဗျားနေခဲ့သလို ကျွန်တော် မသေချင်သေးသလိုပဲ
ဘယ်လိုနေနေ
အပြစ်မလွတ်တဲ့
ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ချုံးပွဲချဟာသတွေလိုပဲ
ကိုယ့်ဘ၀ကိုယ် ရွံမှာကြောက်ပြီး
ကိုယ့်အကြောင်း မရောက်အောင် တွေးခဲ့သလိုပဲ
ခင်ဗျားလည်း ထမင်းဆာနေသလို
ကျွန်တော်လည်း ကားခိုးစီးခဲ့သလိုပဲ
ဒီလိုပဲ
ခင်ဗျား ပြောခဲ့သလိုပဲ
ခင်ဗျားလျှောက်ခဲ့သလိုပဲ
ခင်ဗျား ကောက်ကျစ်ခဲ့သလိုပဲ
ခင်ဗျား ပန်းပွင့်ခဲ့သလိုပဲ
ခင်ဗျား နေ၀င်ခဲ့သလိုပဲ
ခင်ဗျား မိုးမလင်းခဲ့သလိုပဲ
ဘ၀ကို ပျော်သလိုကြာခိုခဲ့တဲ့
အနှစ် (၃၀)
ဒီလိုပဲ
ခင်ဗျား ထင်တဲ့အတိုင်းပဲ
ဟိုရောက် ဒီရောက်နဲ့
ဘယ်မှ မရောက်ခဲ့တာလည်း
တူတာပဲ ။ ။
မုဆိုးမ
အိမ်ထဲမှာလည်း ဘာမှမရှိတော့
သူ့ကိုကြည့်ရတာ
သူ့ယောက်ျားရဲ့ ပန်းပဲဖိုလေးထဲက
မီးသွေးခဲတွေနဲ့တူရဲ့
တစ်ဆိတ်
တိတ်တိတ်ကလေး နေကြစမ်းပါ
ကြွက်တန်းပေါ်မှာ ကြွက်ပိန်တာလေးတွေ
ယောက်ယက်ခတ်နေ
တံစက်မြိတ်အောက်က
ကုန်စုံဆိုင်လေးမှာ
ရောင်စုံမုန့်ထုပ်တွေ လှုပ်ယမ်းနေ
နောက်ဖေးစတိုခန်းထဲမှာ
သူ့ယောက်ျားရဲ့ဓားတွေ သံချေးတက်နေ
ထင်းရှုးသေတ္တာထဲမှာ
အသံမဲ့ ရေဒီယိုတစ်လုံး ပိုးကျနေ
ညနေ
လေးနာရီထိုးတဲ့အခါ
သူ့ကလေးတွေ ကျောင်းက
ပြန်လာကြတယ် ။
လွယ်အိတ်အစုတ်ကလေးတွေနဲ့
ခြေထောက်မှာ
အနာကလေးတွေနဲ့ ။ ။
Friday, December 18, 2009
ဟိုတုန်းကအကြောင်းတွေ (၂)
အဲဒီတုန်းက
ညည အခန်းပြန်ရောက်ရင်
“ဘာမှ မကျန်ဘူးဟင်း” နဲ့ ထမင်းစားတယ်
ရေတစ်ခွက်ဟာ
မြို့တစ်မြို့လို တန်ဖိုးကြီးမားခဲ့ ။
အဲဒီတုန်းက
အဲဒီတုန်းက ဆိုတာ
အခု ဖြစ်နေတာတွေရဲ့ ဟိုတစ်ဖက်
အဲဒီ ဟိုတစ်ဖက်က နေ့ရက်တွေကို
ပြောတာပါ ။
အဲဒီတုန်းက
“မအောင်မြင်သေးဘူး” အင်္ကျီကို ၀တ်ခဲ့တယ်
နေ့များ ညများ
ဒင်္ဂါးပြားများဟာ
ငါ့ လိပ်စာကို မသိကြသေးဘူး
အက္ခရာတွေဟာ
စာမျက်နှာတွေဆီကို မသွားတတ်သေးဘူး
အဲဒီတုန်းက ။
အဲဒီတုန်းက
ငါဟာ
အက္ခရာတွေကို
လက်နဲ့ရေးခဲ့တာ မဟုတ်ဘူး
ဦးခေါင်းနဲ့
နှလုံးသားနဲ့
အသက်ဓာတ်နဲ့ ရေးခဲ့တာပေါ့
အခု ဒီကဗျာရေးသလို ။
အဲဒီတုန်းက
ငါ နည်းနည်းငယ်သေးတယ်
မိန်းမတစ်ယောက်ကိုတော့ ချစ်တတ်နေပြီ
အရက်ဖြူတစ်ပုလင်းကို ကုန်အောင်သောက်တတ်နေပြီ
ဝီလျံဘလိတ် ရဲ့ “ဖျားတဲ့နှင်းဆီ” ကဗျာကို ခံစားတတ်နေပြီ ။
မုန်းတိုင်းရဲ့ အသံကို နားထောင်တတ်နေပြီ
အဲဒီတုန်းက ။
အဲဒီတုန်းက
ပျော်ရွှင်တယ်
နာကျည်းတယ်
ရယ်မောတယ်
စိတ်လှုပ်ရှားတယ်
ကိုယ့်ကိုယ်ကိုလည်း သိပ်ယုံကြည်တာပဲ ။
အဲဒီတုန်းက
“ဘာမှ မဆန်းဘူးပြဇာတ် ” ကို
တစ်ယောက်တည်း မကတတ်သေးဘူး
အဲဒီတုန်းက
“မြည်နေတဲ့ ထရမ်းပက်” ကို
မရေးနိုင်သေးဘူး
အဲဒိတုန်းက
ငါ့အရေပြားပေါ်မှာ ဆေးမင်ကြောင်တွေ မရှိသေးဘူး
အဲဒီတုန်းက
မီးသတ်ကားတွေ ငါ့ဆီကို မလာကြာသေးဘူး ။
အဲဒီတုန်းက
သြော် .. အဲဒီတုန်းက
ကျောက်တုံးကြီးကို မ, မကြည့်ဖူးသေးဘူးကွဲ့ ။ ။
ဓာတ်ပုံ
စိတ်ကိုဖျားယောင်းမှုမှာ
မှော်အောင်ပုံက သက်ရှိအတိုင်း ။
ကျောပြင်ကိုဆွဲလှည့်ချိန်နဲ့
မျက်လုံးကိုစုပ်ယူချိန်
တစက္ကန့်ထဲ ။
ဦးနှောက် ပရိုဂရမ်က
၃ - နှစ်ထဲဝင်လာပြီဖြစ်ကြောင်း
ခွဲခွာချိန်မှတ်တမ်းကို ညွှန်တယ် ။
အကြွေးလက်ကျန် ၁၅၀၀
ကိုယ့်စိတ်ကို နှစ်သိမ့်ဖို့ကြည့်တော့
စိတ်ကကိုယ်မှာ မရှိတော့ဘူး ။
အုန်းလက်မြင်းသည်တော်
(၁)
အလွမ်းဆိုတာ နတ်သမီးတစ်ပါးနဲ့တူရင်
သူမဟာ
အချစ်ဆိုတဲ့ ဘယက်ဒွါဒရာတွေကို
ဝတ်ဆင်ထားခဲ့တယ်
ကဗျာဆိုတာ အဲဒီအချစ်ရဲ့ ကျောပေါ်က
တဖိတ်ဖိတ်တောက်လက်နေတဲ့
ဘော်ကြယ်ပွင့်ကလေးများပါပဲ ။
(၂)
စိတ်ဟာ
ဘ၀ဆိုတဲ့ အုန်းလက်မြင်းကလေးပေါ်ကနေ
“ဟဲ့.. မြင်း” လို့ တစ်ခွန်းအော်လိုက်တယ်
ဘ၀က မပြေးပါဘူး
စိတ်က ပြေးတယ်
ဘ၀က မမောပါဘူး
စိတ်သာ မောတယ် ။
(၃)
သိန္ဓောမြင်းကတဲ့ ရထားကို
နတ်သမီးလေးက စီးတယ်
သူမနှုတ်ဖျားမှာ ဓားအစစ် လှံအစစ်တွေကို
တတွတ်တွတ် ရွတ်ဆိုလို့ ..
“တက်ကလုပ်”
“တက်ကလုပ်” ဆိုတဲ့ အာလုပ်သံလေးနဲ့
သစ္စာတရားကို ၀ါးဓားလိုရမ်းပြီး
(ကျွန်တော်တစ်လှည့် စိတ်တစ်လှည့်)
ချီတက်ခဲ့တာပါ ..
အလကားပေးပေမယ့်
အဖိုးနည်း အိုးကွဲနဲ့ မရနိုင်တာ မေတ္တာတရားလို့
သူမကို သိစေချင်လိုက်တာ ..
(၄)
မျှော်လင့်ခြင်းဆိုတာ
စစ်တုရင်ခုံပေါ်က ဘုရင်ရုပ်တစ်ရုပ်နဲ့ တူတယ်
ဘယ်ရွှေ့ ရွှေ့ ......
တစ်ကွက်ပဲရွှေ့ ခွင့်ရှိတယ်
မပြောပလောက်တဲ့ လူစွမ်းလူစကို
ကျွန်တော်တို့ ၀ိုင်းပြီးကာကွယ်နေရတာ
“ဟဲ့.. မြင်း” လို့ ဘယ်လောက်အော်အော်
ဘ၀ကို ဂဃနဏ မသိသူအတွက်တော့
အုန်းလက်ဟာ အုန်းလက်ပါပဲ ။
(၅)
ဇာတ်သိမ်းခန်းရောက်တဲ့အထိ ...
ပြန်လည်ချုပ်သီခွင့်မရှိတဲ့ ကဗျာတွေနဲ့
စိတ်နဲ့ ကျွန်တော်
ရင်ကွဲအောင် အော်ရတုန်း .....