(၁)
အလွမ်းဆိုတာ နတ်သမီးတစ်ပါးနဲ့တူရင်
သူမဟာ
အချစ်ဆိုတဲ့ ဘယက်ဒွါဒရာတွေကို
ဝတ်ဆင်ထားခဲ့တယ်
ကဗျာဆိုတာ အဲဒီအချစ်ရဲ့ ကျောပေါ်က
တဖိတ်ဖိတ်တောက်လက်နေတဲ့
ဘော်ကြယ်ပွင့်ကလေးများပါပဲ ။
(၂)
စိတ်ဟာ
ဘ၀ဆိုတဲ့ အုန်းလက်မြင်းကလေးပေါ်ကနေ
“ဟဲ့.. မြင်း” လို့ တစ်ခွန်းအော်လိုက်တယ်
ဘ၀က မပြေးပါဘူး
စိတ်က ပြေးတယ်
ဘ၀က မမောပါဘူး
စိတ်သာ မောတယ် ။
(၃)
သိန္ဓောမြင်းကတဲ့ ရထားကို
နတ်သမီးလေးက စီးတယ်
သူမနှုတ်ဖျားမှာ ဓားအစစ် လှံအစစ်တွေကို
တတွတ်တွတ် ရွတ်ဆိုလို့ ..
“တက်ကလုပ်”
“တက်ကလုပ်” ဆိုတဲ့ အာလုပ်သံလေးနဲ့
သစ္စာတရားကို ၀ါးဓားလိုရမ်းပြီး
(ကျွန်တော်တစ်လှည့် စိတ်တစ်လှည့်)
ချီတက်ခဲ့တာပါ ..
အလကားပေးပေမယ့်
အဖိုးနည်း အိုးကွဲနဲ့ မရနိုင်တာ မေတ္တာတရားလို့
သူမကို သိစေချင်လိုက်တာ ..
(၄)
မျှော်လင့်ခြင်းဆိုတာ
စစ်တုရင်ခုံပေါ်က ဘုရင်ရုပ်တစ်ရုပ်နဲ့ တူတယ်
ဘယ်ရွှေ့ ရွှေ့ ......
တစ်ကွက်ပဲရွှေ့ ခွင့်ရှိတယ်
မပြောပလောက်တဲ့ လူစွမ်းလူစကို
ကျွန်တော်တို့ ၀ိုင်းပြီးကာကွယ်နေရတာ
“ဟဲ့.. မြင်း” လို့ ဘယ်လောက်အော်အော်
ဘ၀ကို ဂဃနဏ မသိသူအတွက်တော့
အုန်းလက်ဟာ အုန်းလက်ပါပဲ ။
(၅)
ဇာတ်သိမ်းခန်းရောက်တဲ့အထိ ...
ပြန်လည်ချုပ်သီခွင့်မရှိတဲ့ ကဗျာတွေနဲ့
စိတ်နဲ့ ကျွန်တော်
ရင်ကွဲအောင် အော်ရတုန်း .....
No comments:
Post a Comment