Contributors

Sunday, November 25, 2012

ဒါအကုန်ပဲလား

ဖျားနာဆောင်(၃)တွင် ကျွန်တော်လူနာစောင့်လုပ်ခဲ့စဉ်က ဖြစ်ပါသည်။ ကျွန်တော်တို့လူနာနှင့် တစ်ခုတင်ကျော် ၀ဲဖက်ကုတင်က လူနာတစ်ယောက်ကို ကောင်းစွာမှတ်မြင်မိသေးသည်။ ကျွန်တော်တို့လူနာနှင့် ကပ်လျက်ခုတင်မှာ လူနာမရှိသေခုတင်လွတ် ဖြစ်သည်။ နံနက်ပိုင်းကပင် ထိုခုတင်မှ လူနာသည် ဆေးရုံမှ ပြန်ဆင်းသွားခဲ့ပြီဟု သိရသည်။ ထိုလွတ်နေသောခုတင်၏ ၀ဲဖက်ခုတင်မှာ လူနာတစ်ဦးရှိသည်။ အသက်အရွယ် ခပ်ကြီးကြီး၊ အသားခပ်ညိုညို၊ ခပ်ပိန်ပိန်၊ ကိုယ်ရေစစ်သည်။ နာမကျန်း ဖြစ်နေခဲ့သောရက်တို့က ရှည်ကြာခဲ့ဟန်တူသည်။ ကိုယ်ခန္ဒာမှာ ပိန်လှီလျှက် မျက်တွင်းများက ချိုင့်ဝင်လျှက်ရှိသည်။ နေ့လည်ခင်း အချိန်လောက်က သူ့လက်မောင်းသွေးကြောမှတစ်ဆင့် သူ့ခန္စာကိုယ်ထဲသို့ သွေးတစ်ပုလင်းသွင်းခဲ့တာ ကွှန်တော် သတိထားမိသည်။ လူနာသည် မှိန်းနေရာမှ မျက်လုံးများကိုဖွင့်၍ မျက်နှာကြက်ကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။ ကြုံလှီဖျော့တော့သော သူ့ခနဓာကိုယ်က လူနာခုတင်ထက်မှာ အသုံးမ၀င်တော့သော ဟောင်းနွမ်းနေသည့် အရာဝတ္ထုတစ်ခုလို ငြိမ်သက်စွာ တည်ရှိနေသည်။ လူနာစောင့်အမျိုးသမီးက လက်မှနာရီကို ကြည့်လိုက်၏။ ပုလင်းထဲက ရေကို မတ်ခွက်ထဲသို့ လောင်းထည့်လိုက်၏။ ထို့နောက် လူနာအနီးသို့ ပို၍တိုးသွားပြီး ဦးခေါင်းကို မထူက ဆေးပြားနှစ်ပြားကို တိုက်လေသည်။ လူနာသည် သူ၏မျက်စိကို စုံမှိတ်ကာ ဆေးပြားကို ရေဖြင့် ကြိုးစား၍ မြိုချလိုက်သည်။ ထိုအချိန်မှာပင် လျှပ်စစ်မီးများ ဖျတ်ကနဲ လင်းလာသည်။ ဖျားနာဆောင်(၃) အခန်းမျက်နှာကြက်တွင်ရှိ ပန်ကာများလည်း တ၀ီဝီလည်လေသည်။ လူနာစောင့်အမျိုးသမီးသည် လူနာကို ခေါင်းအုံးပေါ်သို့ အသာအာယာ ပြန်ချလိုက်သည်။ လူနာသည် သူ၏မျက်စိအစုံကို ဖျတ်ကနဲပြန်ဖွင့်ကာ မျက်နှာကြက်ကို ကြည့်နေသည်။ မျက်နှာကြက်မှာ လည်နေသော ပန်ကာများ . . . ။ ထဘီအနီဝတ် သူနာပြုတစ်ယောက်သည် ပြဒါးတိုင်တစ်ချောင်းကို ကိုင်ဆောင်ကာ ဆေးရုံစင်္ကြန်လမ်းအတိုင်း လျှောက်လာနေသည်။ လူနာစောင့်အမျိုးသမီးသည် ဘီရိုပုကလေးပေါ်မှ ကိတ်မုန့်တစ်လုံးကို ထုတ်ယူကာ ဓားဖြင့် ထက်ဝက်ခန့် လှီးလိုက်သည်။ ထို့နောက် လူနာကို ပြန်လည်ထူမတ်ကာ ကိတ်မုန့်ကို ကျွေးလေသည်။ ကိတ်မုန့်မှာ အတော့်ပင် အမျိုးအစားကောင်းသော တန်ဖိုးကြီးကိတ် ဖြစ်ဟန်တူသည်။ မွှေးပျံ့သော ထောပတ်နံ့ကို သည်ဘက်ခုတင်မှပင် ရလေသည်။ လူနာသည် ကိတ်မုန့်ကို သူ၏နာမကျန်းသောလက်ဖြင့် ကိုင်ယူလိုက်သည်။ “ဒါ အကုန်ပဲလား” လူနာစောင့်အမျိုးသမီးကို သူက မေးမြန်းလိုက်သည့် အသံသည် ကျွန်တော့်နားထဲတွင် ရက်အတော်ကြာကြာပင် စွဲနေခဲ့ပါသည်။ “ဒါ အကုန်ပဲလား” လူနာသည် ဘာကြောင့်ဤမေးခွန်းကို အသုံးပြုသွားခဲ့ကြောင်း ယခုတိုင် သေချာစွာ ကျွန်တော်မသိရှိပါ။ သို့ရာတွင် သူမေးမြန်းခဲ့သော စကားသံကို ကျွန်တော် မကြာမကြာ အမှတ်ရနေမိသည်။ ကြားနေမိသည်။ နားမလည်နိုင်ခြင်း၊ ကြေကွဲမှု၊ အချည်းနှီးဖြစ်ခြင်းနဲ့ ဘ၀ရဲ့အရသာ အားလုံး ရောထွေးလျှက် . . .။

“ဒါ အကုန်ပဲလား” ဘာလို့ သူဒီလိုမေးပါလိမ့်။ သူသည် သူ့လက်ထဲမှ ကိတ်မုန့်၏ သေးငယ်သော အစိတ်အပိုင်း အနည်းငယ်မျှကိုသာ စားခဲ့ပါသည်။ “ဒါ အကုန်ပဲလား” ဘာလို့ သူဒီလိုမေးပါလိမ့်။ ကျွန်တော်သည် တစ်ဖက်ခုတင်မှနေရင်း ယောင်ယမ်းကာ တံတွေးကို မြိုချလိုက်မိသေးသည်။ ကိတ်မုန့်က အကောင်းစားဆိုတာ သေချာပါသည်။ ကျွန်တော်သည် ကိတ်မုန့်ဖိုကြီးတစ်ခုအနီးတွင် နေထိုင်ခဲ့ဖူးသူ ဖြစ်ပါသည်။ ကိတ်မုန့်ဖုတ်သော အလုပ်သမားတို့၏ နေ့နေ့ညည ဆူဆူညံညံ စကားသံများ၊ မုန့်စပ် မုန့်မွှေစက်များ၏ တဂျိမ်းဂျိမ်း တဒီးဒီး အော်မြည်လည်ပတ်သံများ၊ စိမ်းရွှေရွှေစူးရဲရဲ အနံ့များ၊ ထို့နောက် သင်းပျံ့မွှေးကြိုင်သော ကိတ်မုန့်ပူပူနွေးနွေး၏ စားချင်ဖွယ်အနံ့များကို ကောင်းစွာကြုံတွေ့ခဲ့ပါသည်။ ကိတ်မုန့်ဖိုသို့ သကြားအိတ်များ တင်ဆောင်လာသော ကားနှင့် ဂျုံအိတ်များ တင်ဆောင်လာသော အလုံပိတ်ဝန်တင်ကားကြီးများ ထိုးဆိုက်လာသည်ကိုလည်းကောင်း၊ ကိတ်မုန့်ပို့သော အလုပ်သမားများ စက်ဘီး၊ ဆိုင်ကယ်ကိုယ်စီဖြင့် ၀င်ရောက်လာကြသည်ကိုသော်လည်းကောင်း၊ လက်ဆွဲအိတ်၊ လက်ဆွဲခြင်းများဖြင့် ကိတ်မုန့်လာရောက်ဝယ်ယူသူများကိုလည်းကောင်း မြင်တွေ့ခဲ့ပါသည်။ မီးကျီး၊ မီးခဲတို့ဖြင့် အမြဲလိုလို ပူပြင်းနေတတ်သော ကိတ်မုန့်ဖိုကြီးထဲမှ ကိတ်မုန့်များ နေ့စဉ်ထွက်ရှိလာမြဲ ဖြစ်ပါသည်။ ကိတ်မုန့်ဖုတ်သော အလုပ်သမားတို့က ဖိုကြီးထဲမှ ကိတ်မုန့်များကို နေ့စဉ်ထုတ်ယူကြမြဲ ဖြစ်ပါသည်။ ကိတ်မုန့်ဖိုကြီးထဲမှ ထွက်ရှိလာသော ကိတ်မုန့်များသည် အခြားသောအရပ်ဒေသ နေရာအသီးသီးသို့ နေ့စဉ်ပျံ့နှံ့ရောက်ရှိသွားမြဲ ဖြစ်ပါသည်။ တစ်ခါတစ်ရံ ညဖက်တချို့တလေတွင် ပေါင်မုန့်ဖိုဖက်ဆီသို့ ကျွန်တော် ရောက်ရှိသွားတတ်ပါသည်။ ထိုအခါတွင် ကျွန်တော်နှင့် ခင်မင်ရင်းနှီးစ ပြုလာသော မုန့်ဖုတ်သမားလေးက ကျွန်တော်စားဖို့ ကိတ်မုန့်တစ်လုံးတစ်လေ ပေးတတ်ပါသည်။ အနည်းငယ်မီးကျွမ်းနေသော ကိတ်မုန့်တစ်လုံး သို့မဟုတ် ဖောင်းကြွမနေပဲ ပုံသဏ္ဌာန်မမှန်ဖြစ်နေသော ကိတ်မုန့်တစ်လုံး၊ တစ်ခါတစ်ရံတွင်တော့ အချိုဓာတ်လွန်ကဲနေသည့် အစမ်းဖုတ်ထားသော ကိတ်မုန့်တစ်လုံး၊ ကျွန်တော်သည် မုန့်ဖုတ်သမားလေးက ပေးသော ကိတ်မုန့်ကို ယူဆောင်လာကာ မိမိအခန်းတွင် ညအချိန်များ၌ တိတ်ဆိတ်စွာ စားသောက်ခဲ့သည်။ တစ်ခါတစ်ရံ နေ့ရက်များတွင်တော့ မြို့ထဲရှိ ကိတ်မုန့်အရောင်းဆိုင်ကြီးတစ်ဆိုင်သို့ ရောက်ရှိသွားတတ်ပြီး အညိုရောင်သစ်သီးကိတ် ကောင်းကောင်းတစ်လုံးကို ဈေးကြီးကြီးပေး၍ ၀ယ်ယူတတ်ပါသည်။ ထိုနေ့က တစ်ဖက်ခုတင်မှ လူနာသည် ကိတ်မုန့်ကိုမစားမီ “ဒါ အကုန်ပဲလား”ဟု မေးမြန်းသွားခဲ့သည်။ ညနေခင်း မှောင်ရီဖြိုးဖျ လမ်းမီးများ လင်းလာချိန်တွင် လူနာသည် ကောင်းစွာသတိမရတော့ပေ။ “ဒါ အကုန်ပဲလား”ဟု သူ မေးမြန်းခဲ့သော ကိတ်မုန့်အပါအ၀င် အရာအားလုံးကို သူသတိမရတော့ဟု ထင်ပါသည်။ တာဝန်ကျဆရာဝန်၏ ဂျူတီကုတ်ဖြူဖြူသည် လူနာခုတင်များကြားမှာ တရွေ့ရွေ့ ရွေ့လျားသွားပါသည်။ လူနာစောင့်အမျိုးသမီးသည် စိတ်ထိခိုက်နေသည်ကို ဣနြေ္ဒဆည်၍ ပစ္စည်းပစ္စယများကို သိမ်းဆည်းနေပါသည်။ လူနာသည် ကောင်းစွာသတိမရတော့ပါ။ လူနာစောင့်အမျိုးသမီးသည် မိနစ်၂၀ခန့်အတွင်း ပစ္စည်းပစ္စယများကို၊ အရာဝတ္ထုများကို စနစ်တကျ သိမ်းဆည်းပြီးသွားပါသည်။ ဆရာဝန်ကြီးများ၏ ခွင့်ပြုချက်ဖြင့် လူနာကို အိမ်သို့ပြန်လည် ခေါ်ဆောင်သွားပါသည်။ ကျွန်တော်သည် မိမိခုတင်မှာထိုင်၍ ငြိမ်နေမိသည်။ ညဥ့်နက်လာသောအခါ ဖျားနာဆောင်(၃)သည် ပို၍တိတ်ဆိတ်လာသည်။ ကျွန်တော် အိပ်မပျော်နိုင်။ သူ့အသံကို ကြားနေမိသည်။ “ဒါ အကုန်ပဲလား” ဘာဖြစ်လို့ မေးတာပါလိမ့်။ မုန့်ဖိုထဲမှာ ပူပူနွေးနွေး ကိတ်မုန့်များက ကမ္ဘာကြီးထဲသို့ နေ့စဉ်နေ့စဉ် ခုန်ထွက်လာကြမြဲ ဖြစ်ပါသည်။ ထို့အတူ ဖျားနာဆောင်(၃)တွင် လူနာစောင့်လုပ်ခဲ့စဉ်က ကြားခဲ့ရသော အသံတစ်သံကိုလည်း အမှတ်ရနေဆဲဖြစ်သည်။ “ဒါ အကုန်ပဲလား”။ နာမကျန်းသူ လူသားတစ်ယောက်က ဤသို့ မေးခွန်းထုတ်သွားခဲ့လေသည်။ ဒါ အကုန်ပဲလား . . . . . ။


နေမျိုး

ကြောင်

သူဟာ ကြောင်တစ်ကောင်ဖြစ်တယ်လို့ပြောကြတယ်
သူဟာ ငါးတစ်ကောင်မှ မစားဖူးဘူး
သူ့အဖေလည်း ငါးတစ်ကောင်မှ မစားဖူးဘူး
သူ့အဖိုးလည်း ငါးတစ်ကောင်မှ မစားဖူးဘူး
(သူဟာ ကြောင်တစ်ကောင်ဖြစ်တယ်လို့ ပြောကြတယ်)
သူ့ရန်သူတွေက သူ့အကြောင်းရေးဖွဲ့ထားတဲ့ ကဗျာတွေဖတ်ပြီး
သူငိုတယ်
ဒါပေမယ့် သူဟာကြောင်တစ်ကောင်ဖြစ်တယ်
သူဟာ ပြင်သစ်ဘာသာနဲ့ချောင်းဆိုးပြီး
ဂျာမန်ဘာသာနဲ့ သန်းဝေတယ်
’ကြောင်တစ်ကောင်ဧ။်တစ်နေ့တာ’စာအုပ်ကို
မြန်မာဘာသာနဲ့ထုတ်ဝေခဲ့တယ်
အဲဒီစာအုပ်ဟာရောင်းစွံခဲ့လေတော့
သူဟာကြောင်တစ်ကောင်ဖြစ်ကြောင်း ပိုသေချာလာတယ်
ကုတ်အင်္ကျီအကြီးကြီးထဲမှာ သူ့ကိုယ်လုံးသေးသေးလေးဟာ
မြုပ်နေတတ်ပြီး သူ့တွေးခေါ်မြော်မြင်မှုတွေကို
ကုတ်အင်္ကျီဘယ်ဘက်အိတ်ထဲမှာ ထည့်ထားတတ်တယ်
(ညာဘက်အိတ်ထဲမှာတော့ မက်ဒေါနားနဲ့ လီနင်ရဲ့ ဓာတ်ပုံတွေရှိတယ်)
သူ့ကိုမယုံကြည်သူတွေက ၅့ ၂ စင်တီရှိတဲ့ နှုတ်ခမ်းမွှေးကို
အတုကြီးတွေလို့ ပြောကြတယ်
ဒါပေမယ့် သူ့လက်သည်းတွေကိုတော့ အားလုံးကြောက်ရွံ့ကြရဲ့
သူဟာ မြို့တစ်မြို့ကို ခုန်အုပ်နိုင်တယ်
ပင်လယ်ထဲမှာမျောလာတဲ့ စံပယ်ပန်းလေးတစ်ပွင့်ကို
ဟိုတယ်တစ်ခုပေါ်ကနေပြီး အနံ့ခံနိုင်တယ်
စာအုပ်တစ်အုပ်ထဲမှာ ပုန်းနေတဲ့ဝါကျတစ်ကြောင်းကို
မှန်ပြောင်းတစ်လက်နဲ့ ကြည့်တတ်တယ်
(သူဟာ ကြောင်တစ်ကောင်ဖြစ်တယ်လို့ပြောကြတယ်)
သူဟာ မနက်ခင်းတိုင်း နွားနို့မှန်မှန်သောက်တယ်
လေကို ၀၀ရှူသွင်းတယ်၊ သတင်းစာဖတ်တယ်၊ ပေါင်ချိန်တယ်၊
ရွှေဈေးအတက်အကျကို မှတ်သားတယ်၊ ပြီးရင် ဂေါက်ရိုက်တယ်၊
ပြီးရင် ဘီယာသောက်တယ်
ခေတ်ပေါ်ကဗျာ (မာရ်နတ်မင်း မေ့ဆေးပြယ်သောအခါ)ဖတ်တယ်
နတ္ထိဝါဒီတွေဆီဖုန်းဆက်တယ်
သူဟာ ရေခဲသေတ္တာထဲမှာ ဆောင်းကိုသိမ်းထားပြီး
မီးလင်းဖိုထဲမှာ နွေကိုဝှက်ထားတယ်
ရေချိုးခန်းထဲမှာတော့ မိုးဟာ ရွာသွန်းအမြဲ
ဝက်သစ်ချပင်ကြီးက အရွက်တွေကြွေတော့
သူ အသက် ၄၀ ရှိပြီ
နွေတစ်ရက်မှာ သူဟာ
မိန်းမတစ်ယောက် လဲလျောင်းနေတဲ့အခန်းတံခါးသော့ကို
လွှင့်ပစ်ပြီး
ပင်လယ်ဆီခရီးထွက်လာခဲ့တယ်
ငါးတစ်ကောင်အကြောင်း ဟောပြောဖို့ပါ။ 


နေမျိုး

ဒီအကြောင်းတွေ ငါတို့ပြောတဲ့အခါ

တချို့ငိုလိမ့်မယ် တချို့ရယ်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ပြီးရင် ဘယ်သူမှယုံကြမှာမဟုတ်ဘူး
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ဝံပုလွေအိုကြီးတွေအူလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
နီယွန်မီးရောင်တွေ စူးစူးရဲရဲလင်းနေလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
မြို့ကြီးပေါ် မိုးတစိမ့်စိမ့်ရွာလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ခွေးသွားစိတ်တွေ တ၀ီဝီလည်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
သော့တွေအားလုံး ပွင့်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ညနေခင်းကြယ်ကို လူတွေမြင်တွေ့ရလိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ဗုံတစ်လုံး (၀က်ဝံအရေပြားနဲ့ ကျက်ထားတာ)
သူ့အလိုလိုမြည်လိမ့်မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
သူကတော့ နားနှစ်ဖက်ကိုပိတ်ထားမှာပဲ
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
ငါတို့ဟာ ငါတို့မဟုတ်တော့ဘူး
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ
အသံလှိုင်းသက်သက်သာ ကျန်ရစ်ခဲ့မယ်
ဒီအကြောင်းတွေကို ငါတို့ပြောတဲ့အခါ


နေမျိုး

အဲဒီနေ့ထဲမှာ

အဲဒီနေ့ထဲမှာ
ဘယ်လို့ ဆွဲထုတ်လို့မရအောင်
တစ်ဘ၀လုံး ကျကျန်ရစ်ခဲ့တယ် ...။

ဟောဒီ ကောင်းကင်မှာ
ရင်ခုန်မှုပါးပါး
အုပ်စုဖွဲ့ပျံသန်းသွားတဲ့
ပျံလွှားငှက်တွေရဲ့ ပျော်ရွှင်ဖွယ်ရာ အထီးကျန်ဆန်မှုဟာ
ငါ့ကို စကားဖောရော အတူလာထိုင်နေခဲ့ ။

လူတွေ
စိတ်လှုပ်ရှားဖွယ်ရာ လူးလာခေါက်တုံ့
မသေမချာ သွားလာနေကြ
ငါကကော
မှုန်ဝါးဝါးမျက်လုံးတွေကို
နှလုံးသွေးရဲ့ မျှော်လင့်မှုတွေတပ်ဆင်လို့
ဟောဒီ ခြောက်ခြောက်သွေ့သွေ့လမ်းမကြီးကိုပဲ
မြိုချနေခဲ့တာ..။

အဲဒီနေ့ထဲမှာ
ဘယ်လိုမှ ဆွဲထုတ်လို့မရအောင်
တစ်ဘ၀လုံးကျကျန်ရစ်ခဲ့တယ် ..။

မင်းကို အရှုံးပေးကြောင်း သက်သေပြဖို့
“ချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်း
ဒလိမ့်ကောက်ကွေး ထွက်ကျခဲ့တာလား
ဘာသာဗေဒမရှိတဲ့ ရယ်သံငွေ့ငွေ့လေးအောက်မှာ
ဘယ်လို ကျိန်စာတွေ သင့်ခဲ့တာလဲ ကံကြမ္မာရယ်.. ။

မှားယွင်းမှုကို စနစ်တကျ ထိုင်စောင့်နေမိတဲ့
ပျော့တွဲအေးခဲနေတဲ့ နေ့တစ်နေ့
ရင်ထဲမှာ ရှိခဲ့ဖူး..

အဲဒီနေ့ထဲမှာ
ဘယ်လိုမှ ဆွဲထုတ်လို့မရအောင်
တစ်ဘ၀လုံး ကျကျန်ရစ်ခဲ့တယ် .. ။ 


ဒီမိုနေ

ဟိုတုန်းကအကြောင်းတွေ (၂)

အဲဒီတုန်းက
ညည အခန်းပြန်ရောက်ရင်
“ဘာမှ မကျန်ဘူးဟင်း” နဲ့ ထမင်းစားတယ်
ရေတစ်ခွက်ဟာ
မြို့တစ်မြို့လို တန်ဖိုးကြီးမားခဲ့ ။
အဲဒီတုန်းက
အဲဒီတုန်းက ဆိုတာ
အခု ဖြစ်နေတာတွေရဲ့ ဟိုတစ်ဖက်
အဲဒီ ဟိုတစ်ဖက်က နေ့ရက်တွေကို
ပြောတာပါ ။
အဲဒီတုန်းက
“မအောင်မြင်သေးဘူး” အင်္ကျီကို ၀တ်ခဲ့တယ်
နေ့များ ညများ
ဒင်္ဂါးပြားများဟာ
ငါ့ လိပ်စာကို မသိကြသေးဘူး
အက္ခရာတွေဟာ
စာမျက်နှာတွေဆီကို မသွားတတ်သေးဘူး
အဲဒီတုန်းက ။
အဲဒီတုန်းက
ငါဟာ
အက္ခရာတွေကို
လက်နဲ့ရေးခဲ့တာ မဟုတ်ဘူး
ဦးခေါင်းနဲ့
နှလုံးသားနဲ့
အသက်ဓာတ်နဲ့ ရေးခဲ့တာပေါ့
အခု ဒီကဗျာရေးသလို ။
အဲဒီတုန်းက
ငါ နည်းနည်းငယ်သေးတယ်
မိန်းမတစ်ယောက်ကိုတော့ ချစ်တတ်နေပြီ
အရက်ဖြူတစ်ပုလင်းကို ကုန်အောင်သောက်တတ်နေပြီ
ဝီလျံဘလိတ် ရဲ့ “ဖျားတဲ့နှင်းဆီ” ကဗျာကို ခံစားတတ်နေပြီ ။
မုန်းတိုင်းရဲ့ အသံကို နားထောင်တတ်နေပြီ
အဲဒီတုန်းက ။
အဲဒီတုန်းက
ပျော်ရွှင်တယ်
နာကျည်းတယ်
ရယ်မောတယ်
စိတ်လှုပ်ရှားတယ်
ကိုယ့်ကိုယ်ကိုလည်း သိပ်ယုံကြည်တာပဲ ။
အဲဒီတုန်းက
“ဘာမှ မဆန်းဘူးပြဇာတ် ” ကို
တစ်ယောက်တည်း မကတတ်သေးဘူး
အဲဒီတုန်းက
“မြည်နေတဲ့ ထရမ်းပက်” ကို
မရေးနိုင်သေးဘူး
အဲဒိတုန်းက
ငါ့အရေပြားပေါ်မှာ ဆေးမင်ကြောင်တွေ မရှိသေးဘူး
အဲဒီတုန်းက
မီးသတ်ကားတွေ ငါ့ဆီကို မလာကြာသေးဘူး ။
အဲဒီတုန်းက
သြော် .. အဲဒီတုန်းက
ကျောက်တုံးကြီးကို မ, မကြည့်ဖူးသေးဘူးကွဲ့ ။       


နေမျိုး

အချစ်ဇာတ်လမ်း

နှင်းဝဲရုံနဲ့
အသည်းဟာ ခိုက်တုန်
ဆောင်းမခြုံရသေးတဲ့ ၀တ်ရုံလွှာတွေနဲ့။

ရွက်ကျဲရုံနဲ့
အသည်းဟာ ပင်လုံးကြွေ
နွေမခြွေရသေးတဲ့ ရိုးတံတွေနဲ့ ။

နောက်ဆုံးတော့လည်း
တိမ်မဲရုံနဲ့ အသည်းဟာ ရွှဲစို
မိုးမငိုရသေးတဲ့ မျက်ရည်တွေနဲ့ပေါ့ကွယ် ။


ဒီမိုနေ

Monday, November 19, 2012

အိမ်ပြန်ညလမ်း

ကားတွေက
ငါ့ကို ကျော်တက်သွားကြတယ်
လ, မရှိပါ
ကုန်းပေါ်တက်ပြီးရင်
ကုန်းပေါ်ကနေ ဆင်းရတယ် (ဘ၀လား)။

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကို သတိရတယ်
လမ်းတစ်ဖက်က အပြုံး
လက်ယက်တွင်းလေးဆီ
ငါ့အချစ်တွေ ပုံပေးခဲ့တဲ့
လွန်ခဲ့တဲ့ ရက်သတ္တပတ်ဆီကိုပေါ့ ။

ငါက
အခု လမ်းတစ်ဖက်မှာပါပဲ
ရေဒီယိုဖွင့် နားထောင်တယ်
စာအုပ်ကောင်းတွေ ရှာဖတ်တယ်
အလကားပဲ
ဘာတစ်ခုမှ ခေါင်းထဲမရောက်ခဲ့ဘူး
သြော် ..
ငါ့သွေးကြောပေါ် တရွရွ
မင်းနာမည်။

ကားတွေက
ငါ့ကို ကျော်တက်သွားကြတယ်
ခွေးလေ ခွေးလွင့်တွေပဲ နားအေးတယ်
တွေ့ရာအိပ် တွေ့ရာစား
လမ်းတကာ လှည့်လည်ပြီး
ရိုးသားသူတွေကို ထိုးထိုးဟောင်လို့ ။

ငါ့သူငယ်ချင်းတွေကို လွမ်းတယ်
ဒီလမ်းမပေါ်
သူတို့ လျှောက်ခဲ့ဖူးကြတာပေါ့
ဆံပင်ရှည်တွေ တလွှားလွှားနဲ့
ဂျင်းဘောင်းဘီတွေနဲ့
မူးအောင်သောက်ပစ်လိုက်တဲ့ ညတွေနဲ့
သူတို့ဘဝ
သူတို့ ညနေတွေလည်း
ပုရွက်ဆိတ် အကိုက်ခံရတဲ့ နှုတ်ခမ်းတွေလို
ယောင်ကိုင်းတင်းမာ ခံရခက်မှုတွေနဲ့ ။

ကားတွက
ငါ့ကို ကျော်တက်သွားကြရဲ့
အိပ်ငိုက်နေတဲ့ အလင်းဆိုင်လေးကို
ငါ ဖြတ်ခဲ့တယ်
တိတ်ဆိတ်ညဟာ
ဘာကို ဆာလောင်နေတာလဲ
ငါ့ခြေထောက်တွေဟာ လေးလံလို့။
သီချင်းသံ ကြားရတယ်
သီချင်းသံ မအိပ်သေးပါ
သီချင်းသံ လမ်းလျှောက်နေတယ်။

တဒုတ်ဒုတ်နဲ့
ဗြောင်းဆန်နေတဲ့ ထော်လာဂျီတစ်စီးက
ညကို ကိုင်ဆောင့် ထွက်ပြေးလို့။
လမ်းပေါ်မှာ
အမှောင်ကို တစ်ထပ်ပြီးတစ်ထပ်
ငါ တိုးဝင်လို့
အမှောာင်ဟာ တစ်ထပ်ပြီးတစ်ထပ်။

ရှေ့ကိုက် ၁၀၀ မှာ
ရထားသံလမ်းဂိတ်ရှိတယ်။
ရထားက ငါ့ကို ဖြတ်သွားတာပဲ
ငါ့ရှေ့ ရထားပေါ်ကလူတွေဟာ
ဆွစ်ဇာလန်ကို သွားကြမှာလား
ရထားလွန်သွားတော့
အချက်ပေးခေါင်းလောင်းသံဟာ မြည်ဆဲ
ညဟာ မြည်ဆဲ ။

“ယုံကြည်မှု ဆိုတာ
လှမ်းခေါ်လည်း အချည်းအနှီး ဖြစ်တတ်တယ်”။
“အချစ်ဆိုတာ
မီးခိုးထွက်တဲ့ စက်တပ်ယာဉ်ပဲ” ။
အဲသလို ငါတွေးပစ်လိုက်တဲ့ ညပေါ့ ။
“နာကျင်ညနေလမ်း” ကဗျာကို
စိတ်ကျကျနဲ့ ရေးဖြစ်မယ့် ညပေါ့ ။

ကားတွေက
ငါ့ကို ကျော်တက်သွားကြတယ်
ညဟာ အေးစက်တောင့်တင်းနေဆဲ
လူသေကောင်လို ။
ငါ့စိတ်ကူးတွေ
ယောင်းဝါးဝါးညထဲ
လိမ့်ကျနေခဲ့တာ ကြာပေါ့ ။
ပျော်ရွှင်ဖို့ဆိုတာကို
ငါရပ်တန့်နေမိခဲ့တာ ကြာပေါ့။
ငါ လွတ်နေတယ်
ငါ သွားရင်း သွားရင်း ရပ်တန့်နေတယ် ။

အလုပ်သမားတွေ
ကိုယ့်အသက်ကို မြဲမြဲကိုင်ပြီး
မောပန်းတကြီး အိမ်ပြန်လာကြသလို
ငါ့ အိမ်ကို ပြန်လာခဲ့တယ်။
လမ်းပေါ်မှာ
အမှောင်ကို တစ်ထပ်ပြီး တစ်ထပ်
ငါတိုးဝင်လို့
အမှောင်ဟာ တစ်ထပ်ပြီး တစ်ထပ် ။            ။

အောင်နှင်းသစ်

အိမ်ပြန်ညလမ်း

ကားတွေက
ငါ့ကို ကျော်တက်သွားကြတယ်
လ, မရှိပါ
ကုန်းပေါ်တက်ပြီးရင်
ကုန်းပေါ်ကနေ ဆင်းရတယ် (ဘ၀လား)။

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကို သတိရတယ်
လမ်းတစ်ဖက်က အပြုံး
လက်ယက်တွင်းလေးဆီ
ငါ့အချစ်တွေ ပုံပေးခဲ့တဲ့
လွန်ခဲ့တဲ့ ရက်သတ္တပတ်ဆီကိုပေါ့ ။

ငါက
အခု လမ်းတစ်ဖက်မှာပါပဲ
ရေဒီယိုဖွင့် နားထောင်တယ်
စာအုပ်ကောင်းတွေ ရှာဖတ်တယ်
အလကားပဲ
ဘာတစ်ခုမှ ခေါင်းထဲမရောက်ခဲ့ဘူး
သြော် ..
ငါ့သွေးကြောပေါ် တရွရွ
မင်းနာမည်။

ကားတွေက
ငါ့ကို ကျော်တက်သွားကြတယ်
ခွေးလေ ခွေးလွင့်တွေပဲ နားအေးတယ်
တွေ့ရာအိပ် တွေ့ရာစား
လမ်းတကာ လှည့်လည်ပြီး
ရိုးသားသူတွေကို ထိုးထိုးဟောင်လို့ ။

ငါ့သူငယ်ချင်းတွေကို လွမ်းတယ်
ဒီလမ်းမပေါ်
သူတို့ လျှောက်ခဲ့ဖူးကြတာပေါ့
ဆံပင်ရှည်တွေ တလွှားလွှားနဲ့
ဂျင်းဘောင်းဘီတွေနဲ့
မူးအောင်သောက်ပစ်လိုက်တဲ့ ညတွေနဲ့
သူတို့ဘဝ
သူတို့ ညနေတွေလည်း
ပုရွက်ဆိတ် အကိုက်ခံရတဲ့ နှုတ်ခမ်းတွေလို
ယောင်ကိုင်းတင်းမာ ခံရခက်မှုတွေနဲ့ ။

ကားတွက
ငါ့ကို ကျော်တက်သွားကြရဲ့
အိပ်ငိုက်နေတဲ့ အလင်းဆိုင်လေးကို
ငါ ဖြတ်ခဲ့တယ်
တိတ်ဆိတ်ညဟာ
ဘာကို ဆာလောင်နေတာလဲ
ငါ့ခြေထောက်တွေဟာ လေးလံလို့။
သီချင်းသံ ကြားရတယ်
သီချင်းသံ မအိပ်သေးပါ
သီချင်းသံ လမ်းလျှောက်နေတယ်။

တဒုတ်ဒုတ်နဲ့
ဗြောင်းဆန်နေတဲ့ ထော်လာဂျီတစ်စီးက
ညကို ကိုင်ဆောင့် ထွက်ပြေးလို့။
လမ်းပေါ်မှာ
အမှောင်ကို တစ်ထပ်ပြီးတစ်ထပ်
ငါ တိုးဝင်လို့
အမှောာင်ဟာ တစ်ထပ်ပြီးတစ်ထပ်။

ရှေ့ကိုက် ၁၀၀ မှာ
ရထားသံလမ်းဂိတ်ရှိတယ်။
ရထားက ငါ့ကို ဖြတ်သွားတာပဲ
ငါ့ရှေ့ ရထားပေါ်ကလူတွေဟာ
ဆွစ်ဇာလန်ကို သွားကြမှာလား
ရထားလွန်သွားတော့
အချက်ပေးခေါင်းလောင်းသံဟာ မြည်ဆဲ
ညဟာ မြည်ဆဲ ။

“ယုံကြည်မှု ဆိုတာ
လှမ်းခေါ်လည်း အချည်းအနှီး ဖြစ်တတ်တယ်”။
“အချစ်ဆိုတာ
မီးခိုးထွက်တဲ့ စက်တပ်ယာဉ်ပဲ” ။
အဲသလို ငါတွေးပစ်လိုက်တဲ့ ညပေါ့ ။
“နာကျင်ညနေလမ်း” ကဗျာကို
စိတ်ကျကျနဲ့ ရေးဖြစ်မယ့် ညပေါ့ ။

ကားတွေက
ငါ့ကို ကျော်တက်သွားကြတယ်
ညဟာ အေးစက်တောင့်တင်းနေဆဲ
လူသေကောင်လို ။
ငါ့စိတ်ကူးတွေ
ယောင်းဝါးဝါးညထဲ
လိမ့်ကျနေခဲ့တာ ကြာပေါ့ ။
ပျော်ရွှင်ဖို့ဆိုတာကို
ငါရပ်တန့်နေမိခဲ့တာ ကြာပေါ့။
ငါ လွတ်နေတယ်
ငါ သွားရင်း သွားရင်း ရပ်တန့်နေတယ် ။

အလုပ်သမားတွေ
ကိုယ့်အသက်ကို မြဲမြဲကိုင်ပြီး
မောပန်းတကြီး အိမ်ပြန်လာကြသလို
ငါ့ အိမ်ကို ပြန်လာခဲ့တယ်။
လမ်းပေါ်မှာ
အမှောင်ကို တစ်ထပ်ပြီး တစ်ထပ်
ငါတိုးဝင်လို့
အမှောင်ဟာ တစ်ထပ်ပြီး တစ်ထပ် ။            ။

အောင်နှင်းသစ်

လမ်း

မိသားစုများ အခန်းကဏ္ဍ
ကမ္ဘာဦး ပုံသဏ္ဍာန်
တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ
မီးဖိုကြ
ငါတို့ခေတ်မှာ ငါတို့ဟာ
ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို့လား
အိမ်ပြန်လာကြတယ်
ကားတစ်စင်း သေနေပေါ့
ညောင်ပင်ကြီးရဲ့ အောက်မှာ
မိုးက မတိတ်တော့ဘူးလား
ဟောဒီ လောကမှာ ...

အောင်ချိမ့်

ကျွန်တော့် အမေပါ

ခင်ဗျားကို ပြောပြစရာလေးတွေ ရှိတယ် ...
ဥပမာဗျာ
အမေဟာ ကျွန်တော်နဲ့ ပတ်သက်လာရင်
“ငါ့သား” ဆိုတဲ့
အတ္တ နည်းနည်း
“ ဒီကောင် ဖြစ်ပါ့မလား ” ဆိုတဲ့
မယုံကြည်မှုများများ
ဒါပေမယ့်
အမေဟာ ကျွန်တော်နဲ့ ပတ်သက်လာရင်
ကျွန်တော်မှားနေရင်တောင်မှ
ဆတ်ဆတ်ထိမခံ တတ်တဲ့ မိဘ စိတ်မျိုး
အမေဟာ ကျွန်တော့်ကို
ဘယ်တုန်းကမှ မဆုံးမခဲ့ဖူးဘူး
လိုအပ်သလောက် ငေါက်ငမ်းရုံနဲ့
ဘ၀ကို နားလည်စေခဲ့မယ် ....
အမေပေးတဲ့ ကျွန်တော့်အတွက် မုန်းဖိုးက
မဖြစ်လောက်ပါဘူး..
ဒါပေမယ့်
လောကရဲ့ အကြောင်းရှိသလောက် ပြန်မလာတဲ့ အကျိုးတရားတွေနဲ့စာရင်
လောကရဲ့ မဖြစ်စလောက် စွန့်ကြဲမှုမျိုးတွေနဲ့စာရင်
အမေ့မုန့်ဖိုးထဲမှာ ကျွန်တော်အများကြီး ရခဲ့ကြောင်း
နားလည်ပြီပေါ့ ။
ကျွန်တော့် ရွေးချယ်မှုတိုင်းကို
အမေ ၀င်မစွက်ဖက်ခဲ့ဘူး
ဥပေက္ခာ နဲ့ မေတ္တာ ကို
အမေဟာ မျှမျှတတ သုံးချင်ပုံပေါ်ရဲ့ ...
တစ်ခါတစ်လေမှာ
“ ငါ့သား အဆင်ပြေလား ” ဆိုတဲ့
အခြေခံကျကျ မေးခွန်းမျိုးနဲ့
သူ့ရဲ့ ကြင်နာမှု ကို ထုတ်ဖော်ပြတတ်ပါတယ်
တကယ်တမ်းတော့
အမေ့သား ဟာ အမေ့သား ပဲ ဖြစ်ပြီး
သား အမေ ဟာလည်း အမေ တစ်ယောက် သာ ဖြစ်ပါလိမ့်မယ်
အမေ ....... ။ 


ဒီမိုနေ

သားအဖဂစ်တာ

အဖေလည်း ငယ်ငယ်က ဂစ်တာကို လွယ်ခဲ့ဘူးမှာပဲ
ကျွန်တော့်ဂစ်တာကို အတင်းဖြုတ်ယူ
ဥပါဒ်တေးတွေပါမပါ စစ်ဆေးရတယ်လို့
အဖေ့အတွက်တော့
ဂစ်တာဟာ
ကျေးလက်ဆီ အလည်အပတ်သွားဖို့ အုန်းခွံရောင်မြင်း
ကျွန်တော့်အတွက်တော့
သတ္တုမြို့ပျက်မှာ ဒုန်းစိုင်းမယ့်ဆိုင်ကယ်
အဖေက
ဂစ်တာကို အိမ်ဦးခန်းမှာ ရှေးဟောင်းဓားလိုထားတယ်
ကျွန်တော့်အတွက်တော့ ဂစ်တာဟာ မောင်းချဓားတစ်မျိုးပဲ
အဖေထင်သလိုတော့
အရောင်ကြောင်ကျားနဲ့ လေဆာဓာတ်ပြားတွေ မဟုတ်ဘူးပေါ့
ဓာတ်ပြားဟောင်းကြီးဖွင့်ချလိုက်ရင်
ကွန်ဆာဗေးတစ်သီချင်းတွေပဲ ထွက်ကျလာမှာ သိတယ်
လိုအပ်ရင် ခုနှစ်ကြိုးတပ် တီးပြီး
မလိုအပ်ရင် ရိုက်ချိုးချင် ရိုက်ချိုးလိုက်မယ်
ဒါ.. ကျွန်တော်တို့ခေတ်ရဲ့ လောကဓံကို
စည်းလိုက်နေတာပဲ အဖေ
ကျွန်တော်ကတော့
အနုပညာလှေဆိပ်မှာ ဂစ်တာတွေ ဆုံရင်
တစ်ယောက်နဲ့ တစ်ယောက်ကြိုးညှိ
ကြယ်တွေဆီ ရွက်လွှင့်ကြည့်ကြမယ်ပေါ့
အဲဒါကို အဖေက
မှောင်ရိပ်ခိုကျွန်းမှာ ပင်လယ်ဓားပြတွေဆုံရင်
တစ်ယောက်နဲ့ တစ်ယောက် ၀ိုင်ခွက်ချင်းတိုက်
ပင်လယ်နက်ထဲ ခုန်ချလိုက်ကြတော့မယ်တဲ့
ကျွန်တော် ထွက်လာခဲ့တယ်
လက်နက်အပြည့်နဲ့ ဂစ်တာအိတ်ကိုလွယ်လို့
(ဒစ်ပရာဒို မင်းသားလို)
ထရပ်ကားသံ တညံညံနဲ့
ကောင်းဘွိုင်မုဆိုးတွေများတဲ့ မြို့ကြီးကို ။
အဖေဟာ
ဒေါက်တာဇီဗားဂိုးရဲ့ ဇာတ်ဝင်တေးကို လေချွန်လို့
ဆောင်းရာသီ သစ်ကိုင်းခြောက်တွေကြား ကျန်ခဲ့။
အခုဆို ကျွန်တော်ဟာ
ကံကြမ္မာရဲ့ လက်ကွက်အရွှေ့အပြောင်းမှာ
ကီးအမြင်ဆုံးအသံထွက်နေရတဲ့ ဂစ်တာလေးတစ်လက်ပေါ့
အဖေရဲ့ ဂစ်တာသံတွေဟာ
ကျွန်တော် အခုလိုအပ်နေတဲ့ ကရုဏာတေးသက်သက်ပဲဆိုတာ
ကျွန်တော်သိနေပြီလေ ။             ။

မောင်ယုပိုင်

တစ်ညနေခင်းစာ ပုံကြမ်းများ

အခါတစ်ပါး..
ရည်းစားဟောင်းတစ်ယောက်လို
စိမ်းစိမ်းစိုနေတဲ့
အဝေးကြီးကနေပဲ
စိတ်တွေယားနာထနေရတဲ့
တစ်ဖက်ကမ်းညနေခင်းကို
မျက်လုံးနဲ့ တဖျပ်ဖျပ် သိမ်းပိုက်နေလိုက်တယ် ။

ဟာလာဟင်းလင်းဖြစ်နေတဲ့
ဝမ်းဗိုက်ရဲ့ ဆာလောင်ခြင်းအတွက်
ကမ်းစပ်က လှေတစ်စင်းကို
တကျွီကျွီမြည်အောင် ၀ါးစားရင်း
ရဲတိုက်ကြီးနဲ့တူတဲ့
သူ့အိမ်ကို
လေးလေးတွဲ့တွဲ့ ဦးပြန်လှည့်ခဲ့
လမ်းမှာ တွေ့တဲ့ နုံးနှစ်တွေထဲကိုတောင်
စိတ်ကူးတွေ အပြုံလိုက် အပြုံလိုက်
ထိုးနှစ်နေသေးတယ်၊
အိပ်တန်းပြန် ငှက်တွေကိုတော့
အဲဒီည အိပ်မက်အတွက်
ဖမ်းဖွက်ထားလိုက်ရဲ့ ။

အိမ်ကြီးကမှောင်လိုက်တာ
သက်စွန်ဆံဖျားစိတ်နဲ့
အနက်ရောင်တွေကို တွန်းတွန်းထုတ်ရင်း
နှလုံးသားထဲ မီးခြစ်ဆံတွေ တရှဲရှဲ
(အရေးထဲ နှလုံးသားကလည်း အစိုတွေပျံလို့)
ရှုပ်ပွနေတဲ့ အတ္တတွေကိုလည်း
မဖြစ်ညစ်ကျယ် လှည်းထုတ်လိုက်ပြန်တယ် ။

ပြီးတော့မှ
ကုလားထိုင်တစ်လုံးပေါ်
ခန္ဓာကိုယ်ကို ကြိုးဖြုတ်ချလိုက်ရင်း
မျက်လုံးတံခါးကို ပြန်ဖွင့်လို့
လျှောကနဲ လျှောကနဲ ထွက်ကျလာတဲ့
နက္ကတစ်တွေထဲ
သူကိုယ်တိုင် ပါဝင်နေပုံကို
မူးစုပဲစု အလင်းလေးနဲ့
အေးအေးဆေးဆေးကြီး ကြည့်နေလိုက်တာများ
တစ်ဘ၀စာပစ်ပြီးသွားတဲ့
သေနတ်သမားလိုမျိုး ။        ။

စန်းဦး

ဗြိစ္ဆာဖွား

ပင်ကိုယ်ဗီဇအားဖြင့်
တစ်ကောင်တည်း ဒါပေမယ့် ကင်းမြီးကောက်
ကိုယ်ကမတ်တပ်ရပ်နေလျက်
အားလုံးအလယ်မှာ ဇောက်ထိုးဖြစ်နေတယ်
ဒေါင်ကျကျ ပြားကျကျ ခြေများပုံကိုက
ထူးခြားထင်ရှားသည့် အမှတ်အသား
ဘာပဲဖြစ်ဖြစ် မထီတရီ အပြုံးနဲ့ လက်မထောင်ဦးမည်။
ခုနှစ်ရက်သားသမီးများကြား လုံးလားထွေးလား မလုပ်လို
အကြိမ်ကြိမ် စိန်ခေါ်ရန်စမှုမှာ
သွေးဆုတ်ပြာနှမ်းသွားအောင် အိမ်ပေါ်အထိ လိုက်လာတတ်
ကွေးညွှတ်စမတ်ကျ ချပ်ဝတ်တန်ဆာ အမြီးဖျားမှာ
ဆန့်ကျင်ဘက်လိင်များ ကားခနဲ့ ကျသွားနိုင်
ရှင်းပြဖို့ လျှာ မရှိသလို နားထောင်ဖို့ ပိုးမျှင် မရှိ
အမှိုက်ပုံကြိုကြားဖြစ်ဖြစ် အပူပိုင်းဒေသများဖြစ်ဖြစ်
တစ်ဇွတ်ထိုး တိုးဝင်သွားတတ်သူ
လာမယ့်နှစ်တွေမှာ
ရေနစ်၊ ဓာတ်လိုက်၊ အညံ့ကြုံ၊ ကြောင်သူတော် အခုတ်ခံရ
ကြီးနိုင်ငယ်ညှဉ်းကိစ္စများ လွန်ဆန်ဖို့ မလွယ်ပါ။
ချစ်သူ၏ သစ္စာမဲ့ခြင်းကြောင့် လက်မ အချိုးခံရကိန်းရှိသလို
ပြဿနာကို ပိုမို ညှပ်ယူတတ်ခြင်းကြောင့်
ကိုယ်အဆိပ်နဲ့ကိုယ် အဆိပ်ဖြစ်ပြီး
အဆိပ်ကျရောဂါ ဖြစ်ဖွယ်ကြုံမည်
ဤရာသီဖွားအဖို့ ဒဏ္ဍာရီအလိုအရ
မျိုးတူစုများအတွက် ရတနာများကို လျှို့ဝှက်ထားတတ်ပြီး
သိုက်တံခါးဝသို့ စိတ်ပါလက်ပါ ရောက်လာနိုင်သူအား
ကဗျာရွှေသော့ကြီးဖြင့် စောင့်နေသည့်
ကင်းမြီးကောက်လူငယ်တစ်ယောက်လည်း ဖြစ်ပေသတည်း။           ။

မောင်ယုပိုင်

နွေလယ်ခေါင်

နွေလယ်ခေါင်ဟာ
ငါနဲ့ ဆွေမျိုးသားချင်း တော်စပ်ဖူးတယ်
နွေလယ်ခေါင်ဟာ
ငါရွတ်ဖူးတဲ့ ကဗျာတစ်ပုဒ်
နွေလယ်ခေါင်ဟာ
အတောမသတ်နိုင်တဲ့ လောဘနဲ့
မှန်းမရတဲ့ အပူမီးနဲ့
အထီးကျန်ခြင်းဆိုတာ
ဆွေစဉ်မျိုးဆက် ထိန်းသိမ်းလာတဲ့
ကြောက်မက်ဖွယ် သူ့ဂုဏ်အင်္ဂါ
နွေလယ်ခေါင်ဟာ
ပင်ပန်းတကြီး အိပ်ပျော်နေသူတွေကို
အလန့်တကြား..
နိုးထစေခဲ့ပြီ ။
နွေယ်လယ်ခေါင်ဟာ
သစ်ပင်တွေရဲ့ သူရူးဆန်ဆန်လှုပ်ရှားမှုမှာ
လေပူပူတွေကို ထင်ရာစိုင်းခွင့်ပြုခဲ့ပြီ
နွေလယ်ခေါင်ဟာ
စေးထန်းထန်း ချွေးစက်များ
အညစ်အကြေးများ ကပ်ငြိ
တိုက်ချွတ်မဆေးကြောနိုင်တော့တဲ့
ဖန်တရာတေ ကိုယ်ခန္ဓာအဟောင်းများအား
ဆောက်တည်ရာမဲ့စေခဲ့ပြီ
နွေလယ်ခေါင်ဟာ
ကြွပ်ဆပ်ခြောက်သယောင်းမှုအားလုံးရဲ့
တရားခံအဖြစ်
နွေအလယ်ခေါင်တည့်တည့်မှာ
အကျဉ်းကျခံခဲ့ရပြီ
ငါဟာ
နွေလယ်ခေါင်မှာ
ကျိန်စာသင့်ခံရသူသက်သက် ။         ။

ဒီမိုနေ

ကျွန်းမျော

တိမ်တွေ ..
အဲဒီညနေခင်းရဲ့ ပြဇာတ်ကို ကပြဖို့စောင့်ရင်း
အရိုးရှင်းဆုံး မိုးချုပ်
အစာရှာငှက်တစ်အုပ် အိပ်တန်းပြန်မလာတော့

မနက်ဖြန်တွေပေါ်တွားတက်ရင်း
ဝန်ပိုတွေ ဖြုတ်ချပစ်တောင်မှ
မာနကိုပဲ ရေနဲ့ ခပ်တင်းတင်း မျှောချလာတဲ့
ငါ့နေတွေ
အာဟာရ ချို့တဲ့ ပိန်ကျလွန်း ။

ငါ့ရဲ့ ဒုက္ခဧက ပေါင်းများစွာပေါ့
ဘယ်တုန်းကမှ မိုးမခေါင်ခဲ့ ။

အိမ်ပြန်မရတဲ့မြစ်တွေ
သော့ခတ်ထားတဲ့ လည်ပင်းအတွက်
မျက်ရည်စက်လက် လှည့်ကြည့်ဖြစ်တယ်
ကွယ် ...
အလွမ်းတွေ ခါးပုံများ ။        ။

မိုးသက်

ဒဏ်ရာရသူများစာရင်း

၁။ ရိုးဒီ ( သမားရိုးကျတံဆိပ်ကပ် အရက်ပုလင်းနဲ့ ခေါင်းရိုက်ခွဲခံရ )
၂။ ရိုးဒီ ( စကားလုံးများနှင့် ပစ်ပေါက်ခြင်းကြောင့် နားရွက်နှစ်ဖက် ဒဏ်ရာရရှိ )
၃။ ရိုးဒီ ( ဆောင့်ကန်ခံရတဲ့ နှလုံးသား ပုံမှန်လှုပ်ရှားရန် ခွဲစိတ်ကုသဖို့လိုအပ် )
၎။ ရိုးဒီ ( ကံကြမ္မာရဲ့ လျှောထိုးဖြတ်ထုတ်မှုကြောင့် ၂၀၀၆ ကမ္ဘာ့ဖလားပွဲနှင့် လွဲဖွယ်ရှိ )
၅။ ရိုးဒီ ( ဘယ်ဘက်ရင်အုံ အညိုအမည်းစွဲ၊ လောကဓံနဲ့ပွဲ )
၆။ ရိုးဒီ ( တံတောင်စာမိ၍ မျက်ခုံးကွဲ၊ လောကကြီးနှင့် ခြေစမ်းပွဲ )
၇။ ရိုးဒီ ( အနာဂတ်ကို ခေါင်းခုန်အတိုက်၊ ပြုတ်ကျ၊ ကိုယ်တစ်ပိုင်းသေ )
၈။ ရိုးဒီ ( ဂိုးသမားနဲ့ တစ်ယောက်ချင်းအတွေ့၊ ကြွက်တက်၊ လဲကျ၊ ကျောနံပါတ် ၂၆ )
၉။ ရိုးဒီ ( လက်ညှိုးငေါက်ငေါက်ထိုး အပြစ်တင်သံတွေကြား ခြေထောက်နှစ်ချောင်းဟာ သွင်သွင်ကျိုး )
၁၀။ ရိုးဒီ ( ဘောလုံးကို ယှဉ်အလုမှာ အထမ်းစင်နဲ့ တွေ့သွားရှာတဲ့ ရိုးသားမှု )
၁၁။ ရိုးဒီ ( ဘုရားသခင်အား ပြန်ပြောမိသဖြင့် အကန့်အသတ်မရှိ ၀ိုင်းကြဉ်ခံခဲ့ရ )

ရိုးဒီ

အဆိပ်

ဟောဒီ ပါးစပ်ထဲကို
အဆိပ်အိတ်တစ်ခု ရောက်လာတယ်
ချွန်ထက်တဲ့ သွားတစ်ချို့နဲ့ဆက်သွယ်တဲ့ အကြောအမျှင်တွေလည်း
အလိုအလျောက် ဖြစ်ပေါ်လို့
သူ့ကိုယ်သူလည်း အံ့သြ
သူ့အောင်မြင်မှုလို့လည်း ယူဆရဲ့ ။

အဆိပ်မရှိခဲ့တဲ့
သူ့ကျဆုံးမှု မှိုပွင့်များ
အဆိပ်မရှိခဲ့တဲ့
သူ့နိမ့်ဝင်မှု ဖျာချပ်များ
အခုတော့
အဆိပ်ကို ပိုင်ပြီ
သွားတွေ ယားကျိကျိဖြစ်လာ
အဆိပ်အိတ်ဖောင်းကားလာ
အကြောမျှင် တင်းမာလာ
ခြေတို့
ရုန်းထနိုးကြားရဲ့
သူ့ရှေ့မှာ မြင်မြင်သမျှဟာ အသေ
သေကြ
လူးလိမ့်ကြ
တွန့်ခေါက်ကြ
အမြှုပ်တစီစီ ရွဲ့စောင်း
ညိုမည်းပုပ်အဲ့ကြ
သူတို့ လုမျိုခဲ့သမျှနဲ့ သူတို့ကိုယ်
ညှိစို့ နံဟောင်ကြ
တထောင်းထောင်းထခဲ့ပြီ
ဒီမြေကြီး ။

ဒေါသကြောင့်
သူနုံနဲ့မှုကြောင့်
ရလာတဲ့အဆိပ်
ဒါမှမဟုတ်
ဖြိုးဖြိုးဖျောက်ဖျောက်မြည်
လွင့်ပျံ့တဲ့ မီးပွားစတွေ ။


စန်းဦး

ရေ

တစ်ရပ်ကွက်လုံး အပေါ်ယံတွေထိန်လင်း
ငါ့အိမ်ကလေး မှောင်နေတယ်
အဲဒီမှောင်နေတဲ့ အိမ်ခန်းကျဉ်းထဲ
ငါ့မိဘနှစ်ပါးရယ်
ငါ့ညီမလေးနှစ်ယောက်ရယ်
လူဖြစ်ပေမယ့် လူဖြစ်ရတဲ့အကြောင်းမသိတဲ့
ငါ့ညီရယ်
အဲဒီအိမ်ထဲမှာ
ငါကမုဆိုး
ငါကသားကောင်
ငါ့ကို လိုက်ဖမ်းနေတဲ့ ငွေကြေးနဲ့
ငါက လိုက်သတ်နေတဲ့ ငွေယဉ်ကျေးမှု
“အိမ်ရှင်မရယ် စိတ်မပူပါနဲ့
ယောက်ျားလေးပဲ ထောင်အပြင် တန်းမရှိ
ငါတို့ ကံတရားအတိုင်းပေါ့
တစ်နေ့ ! သူပြင်မှာပါကွာ ”
ကြားရတာမေ့ဖို့
ည, ည အဓိပ္ပါယ်ရှိရှိ အဓိပ္ပါယ်မဲ့တတ်တယ်
ခေါင်းမာမှုလား
ကျည်တောက်စွပ်ထားတဲ့ ခွေးအမြီးလား
လျှော့ထားခဲ့တဲ့ခါးရိုး
ပြန်ဆန့်ဖို့ မလွယ်ဘူး
အမှားများ၊
အချိန်မတော် ထမင်းနွေး၊ ဟင်းနွေးများ
တံခါးမှာ သော့ခလောက်နဲ့ သော့ကတစ်နေရာဆီ
ငါ့ကို ခွင့်လွှတ်ပါ
ညီမလေးတွေရယ်
ညီလေးနှပ်ထွက်ရယ်
ပြီးတော့
ငါ့မိဘနှစ်ပါးရယ်
အဲဒီ မီးရောင်တွေထဲက မှောင်နေတဲ့အိမ်လေးရယ်
ငါမဆိုခင် ဆုံးနေတဲ့ သီချင်းရယ်
“ငါ အိမ်ပြန်လာပါပြီကွယ်” ။
သးကောင်နဲ့ သတ်ပုတ်ခဲ့တဲ့ ဒဏ်ရာများနဲ့
ညဟာ
အကျယ်ပြန့်ဆုံး ရင်တွင်းသံမှာ ၀ိညာဉ်မဲ့ ။        ။

မိုးသက်

စိတ်ဖြေ

လျှော့မရသလောက် တင်းနေဦးမယ့် ကြိုးတွေ
ရှေ့ထွက်မရတဲ့ လိုအင်တွေ
နေခဲ့ပေါ့
ထောင်းခနဲ
စောင်းကြိုးလေးပြတ်သွားတယ်ပဲဆိုဦးတော့
ထောင်းခနဲ
မခိုင်မာတဲ့ အပြုံးမျိုးကို မလိုချင်တော့တာပါ
အလိုက်သင့် အလျားသင့် နှုတ်ခမ်းမျိုးနဲ့လည်း မချိုမြိန်ချင်တော့ပါ
မချစ်ချင်တော့ပါ ၊ မကြေကွဲချင်တော့ပါ
ညီမလေးကိုလည်း ခွင့်မလွှတ်ချင်တော့ပါ
အပြိုင်ပြေးရတဲ့ လမ်းမျိုးမှာ မလျှောက်ချင်တော့ပါ
ကဗျာတွေထဲ
ငိုမပြတော့ပါ....
အတွေးအခေါ်တွေကို ကိုယ့်ဘာသာ ချမပြတော့ပါ
အဲဒီ
အဲဒီ လိုအင်တွေကိုလည်း မလိုချင်တော့ပါကွယ် ။           ။

ဒီမိုနေ

စိတ်ဖြေ

လျှော့မရသလောက် တင်းနေဦးမယ့် ကြိုးတွေ
ရှေ့ထွက်မရတဲ့ လိုအင်တွေ
နေခဲ့ပေါ့
ထောင်းခနဲ
စောင်းကြိုးလေးပြတ်သွားတယ်ပဲဆိုဦးတော့
ထောင်းခနဲ
မခိုင်မာတဲ့ အပြုံးမျိုးကို မလိုချင်တော့တာပါ
အလိုက်သင့် အလျားသင့် နှုတ်ခမ်းမျိုးနဲ့လည်း မချိုမြိန်ချင်တော့ပါ
မချစ်ချင်တော့ပါ ၊ မကြေကွဲချင်တော့ပါ
ညီမလေးကိုလည်း ခွင့်မလွှတ်ချင်တော့ပါ
အပြိုင်ပြေးရတဲ့ လမ်းမျိုးမှာ မလျှောက်ချင်တော့ပါ
ကဗျာတွေထဲ
ငိုမပြတော့ပါ....
အတွေးအခေါ်တွေကို ကိုယ့်ဘာသာ ချမပြတော့ပါ
အဲဒီ
အဲဒီ လိုအင်တွေကိုလည်း မလိုချင်တော့ပါကွယ် ။           ။

ဒီမိုနေ

စိတ် (၁)

တအံ့တသြ
ကတုန်ကရင်နဲ့
ထိခိုက်လိုက်ရတဲ့ ကိစ္စတွေ
ရှိမှာပဲ
ဘာမှ မဟုတ်ပါဘူး ဆိုချင်ပေမယ့်
ဇာတ်သိမ်းခန်းရောက်မှ ဆွဲရမယ့် ကောက်ချက်ကို
အမှာစာမှာ ထည့်ရေးဖို့က
စောလွန်းမနေဘူးလား
ရ/သုံး မှန်းခြေစာရင်းခေါင်းစဉ်မှာ
မြူနီစီပါယ်အခွန်အခ မပါဘူး
ဘ၀နဲ့ ရင်းပြီးယူထားရတဲ့
သန့်ရှင်းရေးတာဝန်ဟာ
ကိုယ့်အမှိုက်ကို ရှင်းလင်းဖို့
မဟုတ်ဘူး
လောကဓံရဲ့ အထုအထောင်းကြောင့်
ရွဲ့စောင်းနေတဲ့ နှုတ်ခမ်းများ
မလိုချင်
ကျွန်တော်က
တိတ်တိတ်လေးသာနေချင် .......  ။              ။

ဒီမိုနေ

အလုပ်လက်မဲ့နေ့

တစ်နေ့မတော့
အလုပ်လက်မဲ့နေ့ဟာ
ကျွန်တော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ပေါက်ချလာ
စီးကရက်ကိုဖွာလို့
မိတ်ဆွေကောင်းတစ်ယောက်အပေါ်
အဆင်သင့်ဖြစ်နေပုံမျိုးနဲ့
ကျွန်တော် သူ့ကို ကြိုခဲ့ ။

သူနဲ့ကျွန်တော်ဟာ
လမ်းထိပ်ကဖီးမှာ အတူထိုင်လို့
ရောက်တတ်ရာရာပြောလို့

သူ့အဆိုအရ
ဗင်းဆင့်ဗန်ဂိုးဟာ အလုပ်လက်မဲ့တဲ့
ပေါလ်ဂေါ်ဂင်ဟာလည်း အလုပ်လက်မဲ့တဲ့
ကမ္ဘာကျော်တွေအကြောင်း ပြောဖြစ်ကြတယ်
သူကိုယ်တိုင် ကမ္ဘာကျော်တစ်ယောက်ဖြစ်ကြောင်းကိုတော့
ချန်လှပ်ထားခဲ့ကြပေါ့
သူ့အလုပ် ကိုယ့်အလုပ် မကွဲတဲ့လောကမှာ
သိက္ခာရှိတဲ့ အလုပ်လက်မဲ့များ
စားပွဲပေါ်က အလုပ်လက်ရှိနေ့ရက်များအပေါ်
စိတ်ကျေနပ်မှု ရခဲ့ကြပါရဲ့လား
သူ့မေးခွန်းတွေ
အဖြေရကြပ်လှချည့်

သူရောက်လာခဲ့တဲ့နေ့တွေတိုင်း
ညနေတိုင်ရင်
မြို့အထွက်က ဥပေက္ခာစေတီလေးဆီ
ခြေဦးလှည့်ကြ
ထုံးသင်္ကန်းရုံထားတဲ့ စေတီလေးမှာ
မလုံမလဲစိတ်ကိုတော့
အတတ်နိုင်ဆုံး ဖုံးဖိထားခဲ့ရတယ်

ထုံးစံအတိုင်းပါပဲ
သူပြန်သွားတဲ့အခါ
ကဗျာတစ်ပုဒ်တော့ ရေးဖြစ်ဦးမှာ
သိပ်ကို သေချာလွန်းနေပေါ့ ။          ။

ဒီမိုနေ

အလွမ်း

ကီးတစ်ခုချော်နေတဲ့ ဂစ်တာကိုမှ
ခင်ဗျားတီးချင်တယ်
အမှန်တရားဟာ
ကြိုးငါးချောင်းစာ အသံထွက်ညီနေစေဦးတော့
တစ်လှေလုံးပုပ်သွားတဲ့ ဂီတဟာ
ဆုံးရှုံးမှုနံပါတ် ဘယ်လောက်ဖြစ်မလဲ
တန်ရာတန်ကြေးဟာ
မျှတတဲ့ အပေးအယူတဲ့
မေတ္တာတု မေတ္တာယောင်ကို မသိသရွေ့
ပေးလိုက်ရလေသမျှမှာ
ခင်ဗျားဘာမှ ပြန်မရဘူး ။

လက်လှည့်သင့်ရာ ရာသီဥတုတွေ သိမ်းကြုံးပြီး
တစ်ခါက နေ့များဆီ
ညနေခင်းတစ်ခုစာ
ငါပြန်လာတယ်
ဒီနေ့ခေတ်ရဲ့ လက်ဖက်ရည်တစ်ခွက်ထဲမှာ
ဟိုတုန်းက တို့နှစ်ယောက်ကို
ရှာလို့မှ တွေ့နိုင်ပါ့မလား
ထင်ယောင်မှားမှုနဲ့ မမြဲခြင်းတေးသွားကို
သံယောင်လိုက်ဖို့
ဆုံးရှုံးမှုမှာလည်း နားရည်ဝခဲ့ပြီ ။         ။

ဒီမိုနေ

ထွက်ကုန်

ထွက်ကျလာတဲ့
ပြကွက်တွေကို မရဘူး
ထွက်ကျလာတဲ့
အနွေးဓာတ်ကို မရဘူး
ထွက်ကျလာတဲ့
အသွေးအသားတွေကို မရဘူး
ထွက်ကျလာတဲ့
လှုပ်ရှားမှုတွေကို မရဘူး
ထွက်ကျလာတဲ့
ဝလင်ခြင်းတွေကို မရဘူး

ဘာဆို
ဘာမှကို မရ
ဘာကိုမှ မရလိုက်ခြင်းမှာ
ငါ့ဒေါသတွေ ပွယောင်းမုန်ယိုတယ်
ကိုယ်တိုင်ပဲ အဲဒီထဲ ၀င်လိုက်တော့မယ်
အားလုံးကို လှစ်ဟလိုက်ကြ
ငါဝင်လာတာ
သိကြစမ်းဟေ့ ။

အထဲမှာ တကယ်တွေ့ရတာက
မကျက်သေးတဲ့ အနာများ
ကျယ်လောင်မှုများ
မွတ်သိပ်မှုများ
ပုံပျက်ပန်းပျက်များ
အတတ်ပညာများ
သာ
အဲဒါ အားလုံးကို ကြိတ်ဝါးနေတာက
တစ်ခွင်လုံး ပြည့်နေတဲ့
အဆမတန် ယန္တရားကြီး
ငါ့ထက် ပြင်းထန်တဲ့ ဒေါသနဲ့
ငါ့ထက် မြန်ဆန်တဲ့ အရှိန်နဲ့ ။

ပြကွက်တွေ
အဲဒီကဖြစ်လာတာ
အနွေးဓာတ်တွေ
အဲဒီကဖြစ်လာတာ
အသွေးအသားတွေ
အဲဒီကဖြစ်လာတာ
လှုပ်ရှားမှုတွေ
အဲဒီကဖြစ်လာတာ
ဝလင်ခြင်းတွေ
အဲဒီကဖြစ်လာတာတဲ့လေ ။

တစ်ပြိုင်နက်ထဲ
ဘယ်ဆီက တိုက်ခတ်မှုမျိုးကြောင့်
ငါ ဒီလောက် လှုပ်ခါခဲ့ရလေသလဲ
ဘယ်သူက ဆွဲယူလိုက်တာလဲ
မတွေးမဆ ထိန်းမရတော့ပဲ
ယန္တရားထဲ
လိမ့်ကျ သက်ဆင်းခဲ့ရ
.................................
.................................
.................................
ကြေမွပြီး
တစ်စုံတစ်ခုအဖြစ် ထွက်ကျခဲ့ရတယ် ။
ငါ့ကို
ဘယ်သူ အရယူလေမယ်
မသိ ။

စန်းဦး

ပုစွန်လုံးဖမ်းသူ

ကောက်ပင်စိမ်းမြတို့ ယိမ်းနွဲ့
ရေ ၊ မြေ ၊ လေ နဲ့ မိုးသားများ တပေါင်းတည်း
ဘယ်လိုပဲ အုံ့ဆိုင်းခဲ့စေတော့
သူ့လက်မောင်းတစ်ဆုံးသာ နှိုက်ယူနေခဲ့တယ်
တွင်းဟာ နက်လေသမျှ ။

အတန်ကြာ သူ့လက်တို့ လှုပ်ရှား
ကြိုးစားပြီး ဆွဲထုတ်ယူတဲ့အခါ
လက်မကို ညှပ်ပါလာတဲ့ အကောင်
အရိုးအဆစ်တွေ သန်မာ လွန်ကျူးနိုင်လွန်းရဲ့
သွေးစက်စက်ယိုအောင်ခါပြီး
ခွာချလိုက်မှ
ကွာသွားတဲ့ ကိုယ်ထည်
ရွှံ့နှစ်ရေတွေထဲ ဘေးတိုက်ရွေ့သွား
ရှပ်တိုက်မြန်ဆန်ခဲ့ ။

သူကတော့
သူ့သွေးယိုကျတဲ့
သူ့လက်မကိုတောင် ဂရုမထားအားပဲ
တွင်းနက်ထဲ ၀င်စားနေလိုက်တာလေ
သူ့တစ်ဘ၀လုံးပဲ
လိမ့်ကျ မပြီးဆုံးနိုင်တော့ ။        ။

စန်းဦး

အထီးကျန်

အိမ်ရှေ့ဝရန်တာ
လက်ရန်းပေါ်
မိုးကာအင်္ကျီတစ်ထည်
စိုစွတ်မှုတွေနဲ့ ကျွတ်ဆတ်နေ ။

သူ့မျက်လုံးတွေက
မိုးတိတ်သွားတဲ့ ကောင်းကင်ဆီ
ဖရိုဖရဲဖြစ်နေတဲ့
အနေအထားနဲ့ပဲ ငေးမျှော် ။

သူ့ကို ၀တ်ဆင်ခဲ့သူဆီက
သူခိုးဝှက်ထားလိုက်တဲ့
အလွန် လှပတဲ့ စိတ်ကူးကို
ဘယ်မှာ ထားရမှန်းမသိ
ဖြစ်နေတာပဲ ။

စိတ်ကူးကလည်း
ဘယ်ကိုမှ ထွက်မပြေးပဲ
အင်္ကျီရဲ့ ညင်သာ သိမ်းထုတ်မှုနဲ့
ပျော်မွေ့နေ ။

လူခြေတိတ်တဲ့ တစ်ညသား
ကောင်းကင်က သနားသဖြင့်
သူတို့ တစ်ကိုယ်စာ ဖွင့်ပေးလိုက်တယ်
သူတို့ ထွက်ပြေးကြ ။

အဲသလိုနဲ့
အင်္ကျီတစ်ထည်နဲ့
စိတ်ကူးတစ်ခု ပျောက်နေသူ
လူတစ်ဦးဟာ
ဒီကမ္ဘာမှာ ငေါင်စင်းစင်းကျန်ခဲ့တော့ရဲ့ ။       ။

စန်းဦး

သာမန်ရေးကြီးခွင်ကျယ် ကိစ္စများ

အမေ့ရင်ခွင်ကို မြို့ရိုးတစ်ထောင်နှင့် မလဲနိုင်ခဲ့ကြောင်း
ပွဲဈေးတန်းထဲက စက္ကူဦးထုပ်နဲ့ သစ်သားဓားတစ်လက်တို့ဖြင့်
ဖုံတစ်ထောင်းထောင်းညကို စီးချင်းထိုး အနိုင်ယူခဲ့ကြောင်း။
ပထမဦးဆုံးသော ကျောင်းတံခါးဝမှာ မျက်ရည်ကိုလွယ်ထားသော ရေဗူးပေါက်ခဲ့ကြောင်း။
အကြည့်ကို အကြည့်က တစ်ဖက်သတ်လောင်မြိုက်စေနိုင်ခဲ့ကြောင်း။
ကိန်းဂဏန်းများ၏ အနက်ရောင်ဆူးများက ဘ၀၏ နောက်ကျောကို
စုတ်ဖြဲနာကျင်စေခဲ့ကြောင်း။
ယုံကြည်ခြင်းဆိုသည်မှာ အသေအချာ အေးစက်မှ စားကောင်းသည့် ဟင်းတစ်ခွက်ဖြစ်ကြောင်း။
မိုးရွာမယ် ။ နေသာမယ် ။ ကလိမ်ကကျစ်တွေ ပိုမိုထူထဲလာမယ် ။
ရေခဲတောင်တွေ အရည်ပျော်မယ် ။ ကိုယ်တိုင်ပါဝင်တဲ့ ပြဇာတ်တွေ ကြည့်မယ်။
မြို့ရိုးတစ်ထောင် ။
ရေခဲတောင်
အနက်ရောင်ရှိသည့်ဆူး ။
တဖက်သတ်လောင်မြိုက် ၊ မျက်လုံး ၊ အသေအချာအေးစက် ။
ကလိမ်ကကျစ် ၊ သစ်သားဓား ၊ ရေဗူး ။
ခန္ဓာထဲက သစ်တောများ ပြုန်းတီးနေပြီ ။
ရိုးသားမှုများ နားစရာ သစ်ကိုင်းမရှိပါ ။
ဘာသတင်းမှ မထူးပါ ။
ခြင်တစ်ကောင်လို တာဝန်မဲ့စွာ သေဆုံးသွားသော ညတစ်ည၏ ပလက်ဖောင်းထက်
ဘာတွေမှ ပိုမထူးခြားခဲ့ပါ ။
အဲဒီမှာ
ငါဟာ
ကမ္ဘာကြီးကို ရှက်ရွံ့အားနာခဲ့ရင်း
အုတ်ဂူဟောင်းထဲက သုညတစ်လုံးလို လိမ့်ဆင်းသွားခဲ့ကြောင်း ။        ။
နိုင်မွန်အောင်သွင်

ဇာတ်လမ်း

ဗီလိန်တွေ တစ်ယောက်မှ မရှိကြတော့
ဇာတ်လမ်းစတင်ရာ တောအုပ်ကြီး ရိုးတံကိုင်းတွေသာ
ထီးထီးငေါငေါ ထွက်လို့လေ
ဇာတ်ပို့ ဇာတ်ရံတွေ မှိန်ဖျော့ ပျောက်ကွယ်သွားကြချေပေါ့
ဇာတ်လိုက်မင်းသားနဲ့ ဇာတ်လိုက်မင်းသမီး မြင်းတစ်စီးနဲ့
တောအုပ်ကိုဖြတ်ပြီး ခရီးနှင်ခဲ့
ပျော်ရွှင်စွာ ပေါင်းဖက်ခဲ့ကြသူ သူတို့ရဲ့ သားမြေးမျိုးဆက်တွေ
တစ်ယောက်တလေမျှ မရှိကြတော့ ....
လက်မှတ်တွေ စစ်ဆေးသိမ်းဆည်းတဲ့ ရုံစောင့်အဘိုးကြီးလည်း
မရှိတော့ ..
(ကွေးကောက်တဲ့ သူ့ဆေးတံကြီးကျန်ခဲ့)
အေးစက်စက်ရုံထဲမှာ လာရောက်ကြည့်ရှုခဲ့ကြတဲ့ ပရိတ်သတ်တွေ
တစ်ဦးတစ်ယောက်တစ်လေမျှ မရှိကြတော့ပါ
ဇာတ်လမ်းကို ခွဲခြမ်းစိတ်ဖြာ မှတ်တမ်းတင်သူ
လူငယ်လေးတစ်ဦးလည်း အိုမင်းလာကာ
နောက်ဆုံးမှာ မရှိတော့ပါ
ငါတို့လည်း မရှိကြတော့ဘူး
နောင်အခါတွင် ဘယ်သူမျှ ဇာတ်လမ်းအစကို
ပြောပြနိုင်တော့မည် မဟုတ်ပါ
သတ္တုပန်ကာတွေ တ၀ီဝီလည်နေဆဲ
နောက်ခံဂီတ မြည်နေဆဲ
ဇာတ်လမ်းက ဆက်လက်ဖြစ်ပွားနေဆဲ ... ။

နေမျိုး

ရထား

ဘ၀ဟာ
မျက်နှာမူရာတည့်တည့် အချိန်မှန်ပြေးနေရုံသက်သက် ။
တကိုယ်တော် ခြေဦးတည့်ရာ
မိုင်ကုန်ပြေးထွက်ချင်ပေမယ့်
သွေးနဲ့ နီးစပ်ရာ
သံယောဇဉ်အတွဲများချိတ်ဆက်
မနိုင့်တနိုင် လက်တွဲ သယ်ပိုးရပေါ့ ။
ငါ့ကိုယ်ငါ စိတ်နာခဲ့
ရှင်ခြင်း နဲ့ သေခြင်း သံလမ်းနှစ်ကြောင်းပေါ်
အစုန်အဆန် ခေါင်းထိုးပြေးရ
အမောဖြေရုံသက်သက် ဘူတာရုံတွေ
အ၀င်အထွက် အသံပေးရ
ကြာရင် ........
ကိုယ့်မျက်နှာကိုယ် မှတ်မိဖို့တောင် ခက်မယ် ။
မတွန့်ဆုတ်ပါဘူး
မိုးပေါ်က ကျမလာနိုင်တဲ့ သစ္စာတရား
သေပြေးရှင်ပြေးလမ်းပေါ်ကရတဲ့ အနမ်းများ
ကျေကျေနပ်နပ်ကြီး ရင်ခုန်တယ် ။          ။


နေပန်ဦး

ငါး

မြစ်ပြင်ကြီးရေ
ခင်ဗျားက လေးထောင့်ကြီးလား အ၀ိုင်းကြီးလား
ပင်လယ်ကြီးရေ
ခင်ဗျားကရော
ဆန်စားတာလား ဂျုံစားတာလား
ကျယ်ကျယ်ဝန်းဝန်း ကူးခတ်ပျော်ပါးချင်လွန်းလို့
ငါ့အိပ်မက်တွေ
ဘယ်အချိန်မှာ တောင်ပေါ်က တဝေါဝေါ
စီးဆင်းကျလာမလဲလို့
မေးကြည့်လိုက်တော့
ငါ့ ချောင်းကောက
ခေါင်းခါပြပြန်တယ် ။
လက်ယက်တွင်းထဲ ရောက်နေတဲ့ငါ
အကြိမ်ကြိမ်ခုန်ထွက်
ဟိုဘက်က ကံကြမ္မာကန်ထဲမှာရော
မေတ္တာတရားဟာ
တစ်ကန်လုံးအပြည့် ဖောဖောသီသီမှ
ရှိကြပါ့မလား ..... ။          ။


ကွန်စစ်ကောင်း

တာဝန်

ငါ့ဘေးမှာ
တောင်လိုပုံနေတာ
စာအုပ်တွေပေါ့
ငါဖြိုဖျက်ရမှာ ... ။

ဟောဒီမှာ
နေ့စဉ်သံသယနဲ့လုပ်ထားတဲ့ ဂုဏ်သိက္ခာအပေါ်
ချောင်းမြောင်းစောင့်ဆိုင်း
ခြေတစ်ချက်အချော်မှာ
ဟိုး.... အောက်ကို မရှုမလှ ပြုတ်ကျရချည့်
ငါဖြိုဖျက်ရမှာ ... ။

ကြမ္မာဘေးသင့်လို့
နိမ့်ချည်မြင့်ချည် သံဝေဂများ
အလိုမတူပါပဲ အောင်မြင်လွယ်တဲ့ ကိစ္စဟာ
ငါသတိပေါ့လျော့ခိုက်
နေ့ချင်းညချင်းပြီးမြောက်သွား
ငါ့ကိုတဆစ်ဆစ်ကိုက်နေတဲ့ အမုန်းတွေ
ငါဖြိုဖျက်ရမှာ ... ။

အခုမှတော့
မသိချင်ယောင်ဆောင်
ဘာသိဘာသာ နေလို့လည်းမရ
ကမ္ဘာပေါ်မှာ
အသစ်ပေါ်ပေါက်လာဦးမယ့် အမည်နာမများနဲ့
လက်ရှိ ငါ့အရပ်အမောင်းကို
ငါပဲဖြိုဖျက်ရမှာ ... ။

ကျပ်ခိုးစွဲနေတဲ့ သက္ကာယနဲ့
ဟောဒီ တစ်သံသရာလုံးကိုရော
ငါ
ဖြိုဖျက်ရမှာ ... ။

မေမေရေ ...
ကျွန်တော် ဖြိုစရာမလိုတာ
တစ်ခုပဲရှိရဲ့
အဲဒါ ..
မြင့်မိုရ်တောင်ပဲ ။       ။


ဒီမိုနေ

ဈေး

မနိုင်ပေမယ့် ထမ်းရတဲ့ဝန်ဟာ
ငါ့ မိသားစု သံစုံကျူးဖို့သက်သက်ပဲ
“ဘေးကို” လို့ ဘယ်လောက်အော်အော်
လမ်းလယ်ကောင်က လောကဓံဟာ
နေရာရွေ့ဖို့မဖြစ်နိုင်ဘူး ။

ရေမွှေးပန်းတွေ
ဘုရားအိုးမှာ မွှေးပါစေ
ပန်းသည်မလေးရဲ့မျက်နှာဟာ
အစိမ်းရောင် သမ်းနေမှာ ။

နေရောင်ခြည်ဆိုတာ
ရက်စက်တတ်တဲ့ ကြာပွတ်တစ်ချောင်း
နောက်ကျောက ဒဏ်ရာမှန်သမျှ
ရင်ဘတ်မှာ လာပေါ်တတ်တာချည်းပဲ ။

ရာသီပေါ် ခေတ်ကာလကို
အရောင်းသွက်ဖို့
ငါတို့ရဲ့ကိုယ်ကျင့်သိက္ခာတွေ
ရေပါးပါးလေးဖြန်းပြီး ချခင်းထားတယ်
လတ်ဆတ်ချင်ယောင်ဆောင်ထားရတာ
အသက်ရှူသံတွေပေါ့ ။

“ပျံကျ” ဆိုတာ
“ပျံ” ပြီး “ကျ” လာတာကို ပြောတာများလား
ဒီရာသီမှာ
ကိုယ်ပိုင်ဟန်ပြတ်လပ်တယ်
ထုတ်ရောင်းလိုက်သမျှကို
နှလုံးသားနဲ့ ရင်းနှီးရပေမယ့်
စိတ်ကူးသစ်များ အ၀င်နည်းတယ်
နှစ်ရှည်သိုမှီးထားသော ယုံကြည်မှုများ
ကံကြမ္မာ အပြောင်းအလဲကြောင့်
လုံးလုံးလျားလျား ပစ်ရဖွယ်ရှိ ။

ဈေးတစ်ပတ်လည်တာဟာ
သံသရာတစ်ပတ်လည်ဖို့များလား ။

ဒီမိုနေ

ပြန်မလာအတိတ်

အားလုံးကို
လုံခြုံစွာ ထုပ်ပိုးထားခဲ့ပြီးပါပြီ
သူ သွားတော့မှာ ဖြစ်တယ် ။

ပြန်မလာခင်အထိတော့
သိချင်ဇောတွေနဲ့
အထုပ်အပိုးကြီးကို စိတ်ဝင်စားကြ
ပွတ်သပ်ကြ
ဟောကိန်းတွေ ထုတ်နေကြဦးမှာ ။

“သူ ပြန်လာလို့
အပေါ်ယံအလွှာကို ဖြေပြတဲ့အခါ .... ”
အဲဒီလို မျှော်လင့်ခြင်းကြီးစွာနဲ့
ကျွန်တော်တို့မှာ
အထုပ်အပိုးပေါင်း ... မြောက်မြားစွာ ။           ။

စန်းဦး

ကဗျာဆရာ

လှည့်ကြည့်ခွင့်မှ ရှိပါလေစ
သူ့သဘောသူဆောင်သွားတဲ့
သူတို့ သဘောထားများ
ရပ်မရဘူး
စိတ်ဟာ ငြီးငွေ့ဖို့ဖြစ်မလာဘူး
.........                   တွေးနေစဉ်
               ဆက်တိုက်ဖြစ်ပွားခဲ့
အချိန်နာရီတို့ အဆက်မပြတ် မြန်ဆန်
စိတ်မတည်ငြိမ်သူနေရောင်ဝါများ
ဝါးလုံးထိုးဟစ်အော်ကြ
                                  ပိတ်ဆို့လို့မရဘူး
သူကိုယ်တိုင် အသက်ရှူမ၀တဲ့ လေပြင်းပြင်းများ
ဒီအချိန်
ဒီနေရာမှာ
ကြေကွဲစွန်းထင်းရမယ်လို့
ဘယ်ဇာတ်ဆရာက သံပတ်ပေးခဲ့သလဲ
ကျုပ်တို့ ဝေဒနာများ
လောကဓံပေါ် ချိန်သားကိုက် ကွန့်မြူးပုံ
ကျုပ်တို့ဟာ
လမ်းကို ဖြတ်ကူးနေရတာနဲ့ပဲ
             ဖြတ်ကူးနေရတာနဲ့ပဲ
                    ကူးနေရတာနဲ့ပဲ
... မပြီးနိုင် .... မစီးနိုင် ......
“ရေပွက်ပမာ” ကို ခဏသိမ်းထား
သမိုင်းပေး ဆာလောင်မှုများနဲ့
လူမှုရေးနာကြည်းချက်များကို
အမွေဆက်ခံရရှိသူ
ကျုပ်ဟာ
တစ်ကောင်ကြွက်ပါလေ .... ။          ။

ဒီမိုနေ

နေ့လည်

နေ့လည်ခင်းတွေကို
ဘယ်လိုဖြတ်ကျော်မယ်ဆိုတာ
ကြိုတင်ပြင်ဆင်မထားမိဘူး .. ။
တစ်စုံတစ်ယောက် ကို သတိရနေတဲ့ အခါတိုင်း
တစ်စုံတစ်ယောက်ကို မေ့လျော့နေလိမ့်မယ်လို့
ခင်ဗျားတို့ တွေးမိပါသလား
ဘ၀ဟာ ခေတ်ပေါ် ကဗျာလား
အရာရာကို
တပြိုင်နက်တည်း စုပ်ယူဝါးမြိုပစ်ဖို့
အချိန်ကာလဟာ လုံလောက်ပါရဲ့လား
အရေးတကြီး
ပြီးတော့
လောဘတကြီး
ခင်ဗျားတို့ရဲ့ ဘ၀အဓိပ္ပါယ်
နောက်ထပ် အရေးတကြီး
နောက်ထပ် လောဘတကြီး ... ။
လုံလောက်တဲ့ (မလုံလောက်တဲ့)
အချိန်ကာလတစ်ခုအတွင်းမှာ
ခေတ်ပေါ်ကဗျာတစ်ပုဒ်ရေးမယ်
တစ်ခါမေ့လျော့နေမိတဲ့ တစ်စုံတစ်ယောက်ကိုလည်း
အရေးတကြီး
ပြီးတော့
လောဘတကြီး
သတိရနေမိဦးမှာ .... ။


ဒီမိုနေ

မိုးတွင်း

တိတ်တဆိတ် ခိုအောင်းနေရတာနဲ့
ငှက်တွေ စကားမပြောနိုင်ကြဘူး
လှိုင်းထန်နေတဲ့ မြစ်ကြီးက ရောင်ကိုင်းမောက်ကြွ
ချော်ကျိကျိသစ်ပင်တွေ လေးလံကိုင်းညွတ်
ပြီးမှ ...... တစ်ဖန် စိမ်းလန်းရဲ့

တိမ်တွေကတော့
တစ်ခုခုကို အပန်းတကြီး ဖုံးကွယ်ထားလေတယ်
ဦးခေါင်းပေါ်မှာ တခြားဘာမှ မရှိဘူးလို့ ထင်ထားသူ
အဲဒီလူတွေကတော့ မိုးရေတွေ ခံယူနေကြ
ဟောဒါ
ရွာနိုင်သမျှ ရွာချနေတဲ့ အလယ်ကောင်ဥတုကြီးပါလေ

စိတ်ကူးတွေလည်း စိုစွတ်ပျော့ဖတ်
နှလုံးသားမှာလည်း ဗွက်ပေါက်စေးကပ်
အဝေးမပြေးနိုင်တဲ့ လမ်းကြို လမ်းကြားလေးပေါ့

တဒိန်းဒိန်း တဂျုန်းဂျုန်း
မိုးချုန်းသလိုလိုနဲ့
မိုးကြိုးတွေ ပစ် ပစ်ချတတ်လွန်းလို့
ညစ်ပတ်ပတ် မည်းသည်းသည်း
ရွှဲရွှဲစိုနေတဲ့ မျက်လုံးတွေနဲ့
သရက်သီးကြွေကောက်နေတဲ့ ကလေးကိုပဲ
ရင်ထဲ ဇွတ်ဆွဲသွင်းထားရတယ် ။        ။

စန်းဦး

ပျင်းရိသူ

ကျွန်မယောက်ျားဟာ ပျင်းရိသူပေါ့
ရှင်တို့ သူ့ပုံစံကို ကြည့်ကြ
ကိုယ်ခန္ဓာက ပိန်ပိန်ရှည်ရှည်
မျက်လုံးတွေက ရီရီဝေေ၀
ဆံပင်တွေကိုလည်း မဖြီးဘဲထားတတ်ရဲ့
စာအုပ်ထူကြီးတစ်အုပ်ရှေ့မှာချထားပြီး
နာရီပေါင်းများစွာ သူငြိမ်နေပုံဟာ
မြွေတစ်ကောင်အညှို့ခံထားရတဲ့
သားကောင်လိုပါဘဲ ။

အဲဒီစာအုပ်တွေက
အသိဉာဏ်တွေ ရလိမ့်မယ်လို့
ကျွန်မတော့ မထင်ပေါင်
ကျွန်မယောက်ျားက ပျင်းရိသူမဟုတ်လား
ခေါင်မိုးတွေမလုံတာ သူမဖာဘူး
ဓားတွေတုံးနေတာ သူမသွေးဘူး
အိမ်ထရံမှာ နွယ်တွေတက်လာတာတောင်
သူမခွာဘူးလေ
နေနိုင်ရက်သူ
ဒါကြောင့် ကျွန်မပြောတာပေါ့
သူက ပျင်းရိသူလို့ ။

ညည
အိမ်ခေါင်က အလင်းစ ထိုးကျလာရင်
သူက ပျော်ရွှင်သတဲ့
“ဒါဟာ . . . .ကြယ်တွေဆီက အလင်းကွ”တဲ့ ။

အံ့ရော အံ့ရော
မိုးရွာချလို့
အိမ်ခေါင်က ယိုကျတဲ့အခါ
ဟိုနေရာ သည်နေရာ သူလှည့်ပတ်ပြောင်းရွှေ့နေတာပဲ
ယောက်ျားထဲမတော့ သူလိုလူရှားမှာ အသေချာ
ခုတင်ထက်မှာ
ဘုရင်တစ်ပါးလို သူတွေးခေါ်တာဆိုပဲ
လက်ထဲမှာ ခြူးတစ်ပြားမကပ်သူ
အိတ်ထဲမှာ မတ်တစ်စေ့မရှိသူ
မူးလို့မှ တစ်ပဲသားရှူစရာမရှိသူ
သူလိုလူနဲ့မှ ကျွန်မညားခဲ့ရလေခြင်း
ပျင်းရိသူကြီးရေ
ဓားတွေ ဘယ်နေ့ထက်မလဲ
နွယ်တွေ ဘယ်နေ့တက်မလဲ
ကြယ်တွေ ဘယ်နေ့လက်မလဲ
ဒါပဲ ကျွန်မသိချင်တယ်တော် ။   ။

နေမျိုး

ဂျက်ကပြောတယ်

ဂျက်ကပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
သူ မချစ်တော့ဘူးတဲ့

ဂျက်ကပြောတယ်
ကမ္ဘာမှာ မိန်းမတွေမရှိရင်
မဖြစ်ဘူးဆိုပဲ
ဒါပေမယ့် မိန်းမတစ်ယောက်ကို သင်ချစ်မယ်ဆိုရင်
သင်တုန်းဓားကို တစ်ကြိမ်နမ်းသင့်သတဲ့

ဂျက်ကပြောတယ်
ချစ်ခြင်းမေတ္တာ၊ သူရသတ္တိနဲ့ အရိုင်းစိတ်ကို
ခင်းကျင်းပြသဖို့ အကောင်းဆုံးစားပွဲဟာ မိန်းမတွေပဲတဲ့

ဂျက်ကပြောတယ်
အဲဒီ စားပွဲပေါ်မှာ အနှစ် ၄၀ လုံးလုံး ကြာအောင်
ငါပြေးနေခဲ့ဖူးတာပေါ့ ကွာ

ဂျက်ကပြောတယ်
ကြယ်စုံမြူးတဲ့ ညမှာ
ချစ်သ၀ဏ်လွှာတွေ တစ်ညလုံးရေးနေခဲ့တာ
နေနတ်သားရဲ့  တံပိုးခရာသံကြားတဲ့ အထိပါပဲတဲ့
သို့ပါသော်ငြား
ရေးသားခဲ့သမျှ ချစ်သ၀ဏ်လွှာတွေဟာ
ပေါင်မုန့်ကြားထဲ ၀င်ရောက်သွားပြီး
ပြန်မထွက်တတ်ကြတော့ဘူးတဲ့

ဂျက်ကပြောတယ်
မိန်းမတစ်ယောက်အတွက်
ဒိုင်ဗင်အကြိမ်ကြိမ် ထိုးခဲ့တယ်
ဦးခေါင်းမှာ ချုပ်ရိုးတွေချည်းပဲ

ဂျက်ကပြောတယ်
သိပ်စိတ်ညစ်တာပဲ
အချစ်ကို သက်သေပြဖို့ ငွေကြေးမလုံလောက်ဘူးတဲ့
ဒါကြောင့်
ကျောက်တုံးကြီးတွေကို ခဏခဏ မပြနေရသတဲ့

ဂျက်ကပြောတယ်
မိန်းမတွေဟာ ဘယ်တော့မှ မမှားဘူးတဲ့
ငါ တို့ က သူတို့ ကို ချစ်မိမှာသာ
အမှားအယွင်းတွေ စတင်တော့တာတဲ့
ဒါကြောင့် ဂျက်ကပြောတယ်
မိန်းမတွေနဲ့ မျက်လုံးချင်းဆုံးအောင် မကြည့်နဲ့တဲ့

ဂျက်ကပြောတယ်
မိန်းမတစ်ယောက်ကို ချစ်ရတာဟာ
ဂြိုဟ်ကမ္ဘာတစ်ခုက ပိုးမွှားအသစ်အဆန်းတွေ
ထည့်ထားတဲ့ ဖန်းဘူးနဲ့
တစ်ခန်းတည်း အတူနေရသလိုပဲတဲ့

ဂျက်ကပြောတယ်
သူဟာ တစ်နေ့တည်း နှစ်ခါ
အသက်ရှင်နေနိုင် သတဲ့
တစ်ကြိမ်က မိန်းမတစ်ယောက်ကို ချစ်မြတ်နိုးဖို့
တစ်ကြိမ်က ကမ္ဘာမြေကြီးကို ချစ်ခင်ဖို့တဲ့

ဂျက်ကပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
မချစ်တော့ဘူးတဲ့
အဲဒီနေ့က သူ အိမ်ကိုပြန်မအိပ်ဘူး

ဂျက်ကပြောတယ်
ဂျက်က ခဏခဏပြောတယ်
ဂျက်က တွေ့တဲ့သူတိုင်းကိုပြောတယ်
ဂျက်က မရပ်မနားပြောတယ်
မိန်းမချောတွေကို နောက်ဘယ်တော့မှ
မချစ်တော့ဘူးတဲ့
အဲဒီနေ့က သူချာချာလည်အောင်မူးတယ်

ဂျက်ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်
သူဘယ်သူလဲ သိပါရဲ့ လား အဆွေငဲ့
လမ်းထိပ်မှာ အမူးလွန်ပြီး အိပ်ပျော်နေတတ်တဲ့
အရက်သမားအဘိုးကြီးကွဲ့ ။    ။
နေမျိုး

လူရွှင်တော်

မရယ်ရတဲ့ပြက်လုံးတွေနဲ့ကြီးပြင်းခဲ့ရသူကလေး
ကိုယ်မင်းကို
ရယ်ရွင်ဖွယ်တွေပြောပြမယ်
ကိုယ့်ကဗျာတွေဖတ်ပြီးအနည်းဆုံး
ရယ်မောနိုင်အောင်ပဲဖြစ်ဖြစ်
ကျွန်မမရယ်ဘဲနေမယ်လို့ကတိမပေးနဲ့
ကိုယ်ဟာမင်းအတွက်ရယ်စရာတစ်ခုထက်
ပိုပါတယ် ။
မင်းကိုရယ်စရာတွေပြောပြတဲ့အခါ
နားနှစ်ဖက်ပိတ်ထားချင်ထား
မင်းမကြားနိုင်ပေမယ့်
ရယ်ချင်မှာပါကွာ
ရှေးလူရွင်တော်ကြီးတွေဟာ
ဘာစကားမှမပြောဘဲ
စင်ပေါ်မှာရပ်လို့ငြိမ်နေရင်တောင်
ရယ်စရာကောင်းသတဲ့
ကိုယ်မမြင်ဖူးပေမယ့်
အဲသလို
မင်းကိုရပ်ပြမယ်
အဆွေးသမားကြီးတစ်ယောက်
အိုက်တင်မျိုးနဲ့ပဲဖြစ်ဖြစ်ပေါ့
ကိုယ်ဟာရယ်စရာကောင်းတဲ့ညစာတစ်နပ်ကိုကမ္ဘာမှာ
ပထမဆုံးစားဖူးသူပါ
ဒီအကြောင်းမင်းကိုပြောပြမယ်
ရယ်ရွင်ဖွယ်
မင်းကနားနှစ်ဖက်ကိုပိတ်ချင်ပိတ်ထား
မရယ်ရတဲ့ပြက်လုံးတွေနဲ့ကြီးပြင်းခဲ့ရသူကလေး
မင်းရယ်တာသိပ်လှတယ်လို့
ကိုယ်ကြားဖူးတယ် ။
တစ်ခုပဲကွယ့်
ရယ်ရွင်ဖွယ်တွေကိုယ်က
ပြောပြတဲ့အခါမှာ
ကိုယ့်ကိုကြည့်ပြီး
မင်းမျက်ရည်မလည်စေချင်တာ ။     ။

နေမျိုး
(လူဖြစ်ရတာကောင်းတယ်ကဗျာစာအုပ်မှ)

ကျွန်တော့်နာမည် ကိတ်မုန့်

Who are you?
ကျွန်တော့်နာမည်ကိတ်မုန့်
ကျွန်တော်ခုပဲကိတ်မုန့်ဖိုကြီးထဲကထွက်လာတာ
ကျွန်တော်ကချိုတယ်
အရသာနည်းနည်းရှိတယ်
နည်းနည်းပူနွေးတယ်
ကျွန်တော့်နာမည်ကိတ်မုန့်
ကျွန်တော်ဝတ်ဆင်ထားတဲ့အင်္ကျီဟာ
ကျွန်တော့်အမည်ပါပဲ
ရစ်ချက်လို့လည်းခေါ်တယ်
ကျွန်တ်ေငယ်ငယ်က
ဂျုံခင်းထဲမှာကြီးပြင်ခဲ့ရတယ်
ထရပ်ကားကြီးလည်းစီးခဲ့တယ်
စက်ယန္တရားကြီးထဲလည်းဝင်ရောက်ခဲ့တယ်
ကျွန်တော့်ကိုတဖုံးဖုံးရိုက်နှက်တယ်
အဲဒီအခါ
ကျွန်တော်ဟာအရသာပိုရှိလာတာပေါ့
ကျွန်တော့်နာမည်ကိတ်မုန့်
မည်သည့်အစိတ်အပိုင်းမဆို
ကျွန်တော်ဟာလူကြီးမင်းများအတွက်အသုံးဝင်ပါတယ် ။
မှတ်ထားပါ
ကျွန်တော့်နာမည်ကိတ်မုန့်
အပူပေးထားတဲ့ဖိုကြီးဟာကျွန်တော်ဖြတ်သန်းနေကျပါ
ဆာလောင်သူတွေသတိတရရှိကြတာ
ဘယ်သူပါလိမ့် ။
ကျွန်တော့်နာမည်ကိတ်မုန့်
ကျွန်တော်မရှိလို့မဖြစ်ဘူး
ကျွန်တော့်ကိုခင်ဗျားတစ်ယောက်တည်း
ကုန်အောင်မစားပါနဲ့ ။
နည်းနည်းပါးပါးခင်ဗျားသူငယ်ချင်းကိုကျွေးပါလား
နည်းနည်းပါးပါးအဘိုးကြီးတစ်ယောက်ကိုကျွေးပါလား
နည်းနည်းပါးပါးသူတစိမ်းတစ်ယောက်ကိုကျွေးပါလား
ကျွန်တော့်နာမည်ကိတ်မုန့်
ကျွန်တော်ကသွေးနွေးသတ္တဝါ
ခုပဲကိတ်မုန့်ဖိုကြီးထဲကထွက်လာတာ ။     ။

နေမျိုး

(လူဖြစ်ရတာကောင်းတယ်ကဗျာစာအုပ်မှ)

ရှုမျှော်ခင်း

အဆုံးမရှိအောင်ကျယ်ဝန်းတဲ့
အမှားထဲ
တိမ်တွေကလှလိုက်တာ…
ကိုယ့်မှာတရားနဲ့ ဖြေရတယ်…။

မောင်သိန်းဇော်

စနေနေ့၌ မိုးခိုခြင်း

ကောင်းကင်က ….
ပင်လယ်တစ်ခု မှောက်ကျလာသလိုမျိုး
မိုးဟာ….
နေရောင်ခြည် ရွှဲစိုလောက်အောင်ရွာလို့
အသံဗလံတွေ မျောပါသွားလောက်အောင်ရွာလို့
ငါကတော့…
ချောင်ကျကျ လက်ဘက်ရည်ဆိုင်မှာ
မိုးခိုမိပေါ့ ။
ဟိုမှာ…
တံစက်မြိတ်အောက်က ခိုတစ်ကောင်
အသုံးမကျတဲ့ အတောင်နဲ့
မှောင်လည်းမှောင် တိတ်လည်းတိတ်ဆိတ်
(မိုးသံကလွဲလို့ပေါ့လေ)
ဒီလိုနဲ့… မိုးကလွဲလို့
အားလုံးနဲ့လည်း လွဲခဲ့ပေါ့ ။     
 သစ္စာနီ

အမြဲတမ်း တစ်ယောက်လို

ဘယ်တော့ဖြစ်ဖြစ် အမြဲတမ်းတစ်ယောက်လိုနေလို့
ဒီကဗျာကို အမြဲတမ်းတစ်ယောက်လိုလို့ခေါ်ကြတယ်
ခက်တာက အမြဲတမ်းတစ်ယောက်လိုနေခြင်းပဲ
အမှတ်စဉ်မှတ်လို့ဆိုရင်တစ်လို စအော်လိုက်တယ်
ရေတွက်လိုက်ရင် အမြဲတမ်းတစ်ယောက်လိုနေတာပါပဲ။
အမြဲတမ်းတစ်ယောက်လိုဟာ မြို့တစ်မြို့မှာရောက်နေတယ်လို့
သတင်းသဲ့သဲ့ကြားရတယ်
ဒါပေမယ့် အဲဒီမြို့က တည်ခိုခန်းမှာ အမြဲတမ်းတစ်ယောက်လိုနေလေရဲ့
လစာထုတ်ရက်ဆိုရင် အသီးသီးရောက်လာကြတယ်၊
နာမည်နှစ်မျိုးလူတွေလဲပါရဲ့
လက်မှတ်ကို အသော့နှင်ထိုးပြီး ထုတ်ယူကြလေတယ်
ဒါပေမယ့် အမြဲတမ်းတစ်ယောက်လိုနေပြန်တယ်
အမြဲတမ်းတစ်ယောက်လိုဟာ လူအုပ်ထဲမှာရှိနိုင်တယ်
ဒါမှမဟုတ် တောလမ်းကလေးပေါ်မှာလည်းရှိချင်ရှိနိုင်တယ်
ခုတ်မောင်းနေတဲ့ မီးရထားတစ်စင်းပေါ်မှာလည်း ရှိနေနိုင်သေးရဲ့
လူတစ်ယောက်ဟာ လူတစ်ယောက်ကို လိုအပ်နေသ၍
အမြဲတမ်းတစ်ယောက်လိုဟာ ကမ္ဘာကို ပတ်နေမှာပဲ
အမြဲတမ်းတစ်ယောက်လိုဟာ ရုပ်ရှင်ရုံတစ်ရုံထဲမှာ ၀င်ကြည့်နေသလား
ပိတ်ကားထက်မှာ လူရွှင်တော်တွေက ရယ်စရာတွေတင်ဆက်ကြတဲ့အခါ
ရယ်သံတစ်သံ လိုနေလေရဲ့။
ဘတ်စ်ကားစပယ်ယာက အော်တယ် တစ်ယောက်လိုသေးတယ်တဲ့
အဲဒီနေ့က အမြဲတမ်းတစ်ယောက်လိုဟာ အိတ်ကပ်ထဲ ပိုက်ဆံမှပါရဲ့လားမသိဘူး
အမြဲတမ်းတစ်ယောက်လိုဟာ မမွေးဖွားသေးဘူးတဲ့ ။
အမြဲတမ်းတစ်ယောက်လိုဟာ အစကတည်းကမရှိဘူးတဲ့
တချို့ကလည်း အမြဲတမ်းတစ်ယောက်လိုဟာ အဝေးကြီးကနေ
ငါတို့ဆီကိုလာနေတာတဲ့ ။
သတင်းစာထဲမှာ လူပျောက်ကြော်ငြာတွေပါလာတယ်
သတင်းစာထဲမှာ နာရေးကြော်ငြာတွေ ပါလာတယ်
ဒါပေမယ့် အမြဲတမ်းတစ်ယောက်လိုနေတယ်
ဒီကဗျာကို ဖတ်ပြဖို့စဉ်းစားတိုင်း အမြဲတမ်းတစ်ယောက်လိုနေတယ်
မာတိကာထဲမှာ ကလောင်နာမည်တွေ အများကြီး ရိုက်နှိပ်ထားလေရဲ့
ဒါပေမယ့် တစ်ယောက်လိုနေတယ်ကွာ
အမြဲတမ်းတစ်ယောက်လိုဟာ အပျော်တမ်းကဗျာဆရာတစ်ယောက်လား
အမြဲတမ်းတစ်ယောက်လိုဟာ စာဂျပိုးတစ်ယောက်လား
အမြဲတမ်းတစ်ယောက်လိုဟာ ကိုလံဗတ်မျိုးဆက်လား
အမြဲတမ်းတစ်ယောက်လိုဟာ တစ်ခုခုကိုကျွမ်းကျင်သူလား
အမြဲတမ်းတစ်ယောက်လိုဟာ ဂုဏ်သရေရှိလား
အမြဲတမ်းတစ်ယောက်လိုဟာ ငါတို့အိမ်မှာလား
အားလုံးကို ဆွဲစေ့လိုက်တယ်
အ အမြဲတမ်းတစ်ယောက်လိုနေတယ်
မှန်ပါတယ်
ငါတို့ဟာ အမြဲတမ်းတစ်ယောက်လိုတယ် ။ 


နေမျိုး
(၂၀၀၈.၃.၅ ။ ည ၁၁း ၃၀ နာရီ)
ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် ၂၇၊ ဇွန်လ ၊ ၂၀၀၈

ကျွန်တော်နဲ့ မ၀င်းမေ

သူသိတာတစ်ခု ကျွန်တော်သိတာတစ်ခု
ပေါင်းလိုက်တော့ မသိခြင်းတစ်ခုဖြစ်သွားတယ်
သူ့ငိုသံတစ်ဝက် ကျွန်တော့်ငိုသံတစ်ဝက်
ပေါင်းလိုက်တော့ ရယ်သံအသစ်စက်စက်ဖြစ်သွားတယ်
သူ့ပိုက်ဆံတစ်ချို့ ကျွန်တော်ပိုက်ဆံတစ်ချို့
ပေါင်းလိုက်တော့ အဝေးက မြို့ကလေးတစ်မြို့
သူ့အိပ်ခန်းတစ်ခန်း ကျွန်တော့်အိပ်ခန်းတစ်ခန်း
ပေါင်းလိုက်တော့ ဘ၀၏ဇာတ်လမ်းတစ်ပုဒ်ပေါ့။

နေမျိုး
(လူဖြစ်ရတာကောင်းတယ် ခေတ်ပေါ်ကဗျာစာအုပ်မှ)

မပြီးသေးတဲ့ ၂၄ နာရီ

မပြီးသေးတဲ့ သီချင်းတွေရပ်တန့်
တိပ်ရစ်သံ တစီစီထွက်ပေါ်နေဆဲမှာ
အဝေးပြေးကားတွေက မပြီးသေးတဲ့ ခရီးတွေ ဆက်လက်
မောင်းနှင်သွားကြတယ်
မပြီးသေးတဲ့ ဆေးလိပ်မီးခိုးများ အမျှင်တန်း
မပြီးသေးတဲ့ တ၀က်တပျက် အတွေးများနဲ့ မျက်နှာချင်းဆိုင်
နောက်
မပြီးသေးတဲ့ စကားတွေ ဆက်လက်ရေရွတ်ကြ
မပြီးသေးသော ချစ်ခြင်းဖွဲ့ ဝေဒနာများ ကြေကွဲနေစဉ်
မပြီးသေးတဲ့ လိုအင်ဆန္ဒများ တဆစ်ဆစ်နာကျင်လာ
မပြီးသေးတဲ့ နေ့ဓဓူဝများထဲ
လက်ဖက်ရည်ခွက်များ ပေါလောမျောနေဆဲ
မပြီးသေးသော အိပ်မက်များဆက်ရန်
ညဟာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာ
မပြီးသေးတဲ့ ဟောဒီကဗျာထဲ
ငါကိုယ်တိုင် ခုန်ချပျောက်ဆုံးသွား .... ။

ဒီမိုနေ

ဦးထုပ်ရဲ့အောက်မှာ

နှင်းတွေ ပိန်းပိတ်ကြ
အပြင်ကပြန်ရောက်စ
အဲဒီတစ်ခဏလေးမှာ
သူဟာ
ဦးထုပ်ကို ချွတ်လိုက်တယ်။

မဖြီးမသင်ရှည်လျား
သူ့ငွေရောင်ဆံပင်တွေ ကြားထဲ
ဘယ်လို ကပ်ငြိခဲ့မှန်းမသိ
နှင်းတွေ အေးစက်စွာ
တိုးဝင်စိုရွှဲခဲ့ရ
ဦးထုပ်ကတော့ ခြောက်သွေ့ဆဲ...။

အဲဒီ
အဲဒီတစ်ခဏလေး
နှင်းတွေ ပိန်းပိတ်ကြ။


မမြင်လိုက်ရ
မသိလိုက်ရ
မကြားလိုက်ရဘဲ
ရွေ့လျားခဲ့လေတဲ့ ခရီးတစ်ခု
သူ့အတွက်
ဒီမှာတင် ပြီးဆုံးသွား ။

စန်းဦး

မနက်ခင်း

မနက်ခင်းတွေက
အသက်ပြင်းပြင်းရှူလို့
ငါ့ မျက်လုံးတွေမှာတော့
မနက်ဖြန်တွေ သေသွားတဲ့
မနေ့ကတွေများပြီး
မှုန်ဝါးနေတာကြာပြီ ။

ငါ့ဆီကို စီးဆင်းလာဦးမယ့်
တလွဲတချော် ဖြစ်တည်မှုများကို
ငြီးငွေစွာ သိမ်းပိုက်ဖို့အတွက်
အဲဒီမနက်ပေါ့
ဝံပုလွေတစ်ကောင်လို ခုန်ထွက်လာခဲ့ ။

တစ်နေ့တစ်ခါ ရေချိုးရုံနဲ့
ကိုယ်ကျင့်တရားတစ်ခုစာ လုံလောက်ပြီထင်လို့
မနက်ခင်းတွေကို မေ့မေ့လျော့လျော့ သောက်သုံးခဲ့
ကောင်မလေးရယ်....
အသည်းကွဲတယ်ဆိုတာ
မနက် မနက် ငါသောက်နေကျ အတ္တခွက်ထဲ
မင်းရယ်မောပစ်လိုက်တဲ့ ငါ့သိက္ခာကို
ယူကြုံးမရ ပြန်ရှာနေရတဲ့ အဖြစ်ပေါ့ ။

ဝမ်းဗိုက်စက်ခေါင်းတွေက
ခယိုခယိုင် ယုံကြည်မှုတွေ တအူအူထွက်
ဟောဒီ လမ်းကျဉ်းထဲတွားသွားကြ
ငါ့မှာသာ
မင်းရှေ့မှာ ထိုင်ပြီး ခပ်တည်တည်ကြီး ရှုံးနိမ့်နေရ ။

ခေါင်းစဉ်မရှိတဲ့ လမင်းတွေနဲ့ ဒိုင်ယာရီ
ထီလက်မှတ်တစ်ခုလို ငါရယ်မောခဲ့
အဟောင်းအမြင်းတွေ လာလာ မတင်ပါနဲ့
ငါက
ညိုညိုညစ်ညစ်တိမ်တွေရစ်ပတ်
လမ်းအို အထပ်ထပ်နဲ့
ဖြူရော်ရော် ပိုးဟပ်တစ်ကောင်လို
စာအုပ်စင်တစ်ခု မဟုတ်ဘူး ။

ဒီမိုနေ

ခေါင်းစဉ်မဲ့

ကျွန်တော်တို့ဟာ တစ်နေရာရာမှာ
အချိန်ကုန်လွန်ခဲ့ကြတယ်
အချည်းအနှီး
တစ်နေရာရာမှာ တွေဆုံဖူးကြမယ်
ဝိုင်းဖွဲ့ဖူးကြမယ်
မူးယစ်ဝေသီသောညများ ....
သူလိုငါလို အရသာ
ရိုးရိုးတန်း ရထားတွဲပေါ်
ကျွန်တော်တို့ဟာ
သောင်မတင်ရေမကျ
ဘ၀ကို တောင်ဘက်ခေါင်းလှည့်လိုက်
          မြောက်ဘက်ခေါင်းလှည့်လိုက်
မြို့တစ်မြို့ကို (မတော်တဆ) ၀င်တိုက်လိုက်
ပြန်ကန်ထွက်လာလိုက်
ဘယ်နားသိမ်းထားမိမှန်း မသိတဲ့
ဘ၀အဓိပ္ပါယ် ဖွင့်ဆိုချက်များ
လိုအပ်မှ ပြန်ပြန်ရှာနေတာ
တွေ့မယ့်တွေ့တော့လည်း
လူပီသတယ်ဆိုရုံလေး ...... ။

ဒီမိုနေ

ကျွန်းမျော

တိမ်တွေ ...
အဲဒီညနေခင်းရဲ့ ပြဇာတ်ကို ကပြဖို့စောင့်ရင်း
အရိုးရှင်းဆုံး မိုးချုပ်
အစာရှာငှက်တစ်အုပ် အိပ်တန်းပြန်မလာတော့ ။

မနက်ဖြန်တွေပေါ်တွားတက်ရင်း
ဝန်ပိုတွေဖြုတ်ချပစ်တောင်မှ
ဒီတွင်းနက်ထဲ ပြန်လျှောကျ
မာနကိုပဲ ရေနဲ့ခပ်တင်းတင်း မျှောချလာတဲ့
ငါနေ့တွေ
အာဟာရ ချို့တဲ့ ပိန်ကျလွန်း ။

ငါ့ရဲ့ဒုက္ခဧကပေါင်းများစွာပေါ့
ဘယ်တုန်းကမှ မိုးမခေါင်ခဲ့ ။

အိမ်ပြန်မရတဲ့မြစ်တွေ
သော့ခတ်ထားတဲ့ လည်ပင်းအတွက်
မျက်ရည်စက်လက် လှည့်ကြည့်ဖြစ်တယ်
ကွယ် ...
အလွမ်းတွေခါးပုံများ ။

မိုးသက်

(ဒီကဗျာလေးဟာ ကျွန်တော့်ရဲ့ အစ်ကို ကိုအဏ္ဏ၀ါ ရေးထားတဲ့ ကဗျာလေးတစ်ပုဒ်ပါ ၊ သူနဲ့ ကျွန်တော် နှစ်ယောက်ပေါင်းပြီး ထုတ်ခဲ့တဲ့ ကဗျာစာအုပ်လေးတစ်အုပ်ကနေ အမှတ်တရအနေနဲ့ တင်ပေးလိုက်ပါတယ်)

ချည်တိုင်

နှုတ်ဆက်ပါတယ် ။
ဟောဟို ၀ါယာကြိုးတစ်ချောင်းပေါ်မှာ
အမိအရ ဓာတ်လိုက်သွားခဲ့တဲ့
လေတံခွန် အစုတ်အပြတ်ကလည်း
ကျွန်တော်နဲ့ တစ်ခရီးတည်းသွားပါပဲ ။
သော့ပြင်ဆရာလို ကျွမ်းကျင်တဲ့ခိုတွေ
ကြာပွတ်သံ တရွှမ်းရွှမ်းပေးနေတဲ့ တိမ်တွေ
အလွမ်းကလူသတ်ကုန်းမှာ လွင့်နေတဲ့ ပုဝါတစ်ထည်
ပြီး
အကွေ့ကောက်ဆုံး လမ်းမပေါ်မှာ ငိုနေရသူ
ဒါတွေကို
ကျွန်တော် ကဗျာရေးတယ် ။
ဒီကဗျာကတော့
ကမ္ဘာမြေကို နာကြည်းကြောင်း သက်သေပြဖို့နဲ့
ဘ၀ကို မီးလောင်တိုက်သွင်းဖို့
သွေးစိုတဲ့ ဗလာစာရွက်တစ်ရွက်ဖြစ်တယ် ။
ဇီဇ၀ါပွင့်တွေ
ခေါင်းတလားထဲမှာ ဆွေးမြည့်သွားတယ်
ကျွန်တော်လည်း မရေမတွက်နိုင်အောင်သေတယ်
နှုတ်ဆက်ပါတယ်
ပြီးတော့လည်း
ပြန်လာခဲ့တယ် ။

စံညိမ်းဦး
(မြားနတ်မောင် ၊ မတ် ၊ ၂၀၀၀)

ငါ့ဖန်ခွက်ထဲ ၂ ပက်လောက်

ဒီနေ့ရာသီဥတုဆိုးရွားတယ်
နှင်းတွေ စိမ့်နေအောင်ကျလို့ ၊ ဒုက္ခပဲ
ငါ့ဖန်ခွက်ထဲ ၂ ပက်လောက်
ဆိုင်အပြင်ဘက်ရပ်ထားတဲ့ လှည်းဆွဲမြင်းတစ်ကောင်
တရှုးရှုးနှာမှုတ်လို့၊ သူ့အခိုးအငွေ့တွေလူးလွန့်
ခွာရှပ်လို့၊ တဒုတ်ဒုတ်
ငါ့ဖန်ခွက်ထဲ ၂ ပက်လောက်
အဖွားကြီးကို ငါသတိရမိ
ပြတင်းပေါက်တွေ ပိတ်ထားလိုက်
ငါ့ဖန်ခွက်ထဲ ၂ ပက်လောက်
နေရောင်ခြည်မမြင်ရတာ ရက်သတ္တပတ်ရှိပြီ
ကုတ်အင်္ကျီကလည်း ခုထိမလျှော်ဖွပ်ရသေးဘူး
ထရပ်ကားကြီးတွေ ဖြတ်မောင်းသွားသံလည်း
ခုထိမကြားရသေးဘူး
တစ်ဆောင်းတွင်းလုံး ပန်ကာတွေ ရပ်တန့်
ငါနေချင်သလိုနေမိတယ်
ငါ့ဖန်ခွက်ထဲ ၂ ပက်လောက်
ဟိုတစ်ယောက်
ဘာကိစ္စ ပြတင်းကနေအပြင်
ငေးနေရတာလဲ
နှင်းထဲမှာ ဘာမှမရှိဘူး
လမ်းတွေက သွေးကိုခဲစေ့လိမ့်
လမ်းတွေက အိပ်မက်ကိုခဲစေလိမ့်
လမ်းတွေက အသံကို ခဲစေလိမ့်
လမ်းတွေက ..........
နံရံတွေက အေးစက်ကြွပ်ဆတ်လို့
တံခါးဝမှာ ရပ်နေတဲ့ခွေး ခဲသွားပြီ၊ မရွေ့တော့ဘူး
ဒီမှာ ပြောတာကြားလား
ငါ့ဖန်ခွက်ထဲ ၂ ပက်လောက်
ဘယ်အချိန်က ငါထိုင်သောက်နေတာလဲ
မနက်ကလား၊ မနေ့ကလား
မနှစ်တုန်းကလား
ဆိုင်မဖွင့်ခင် သြဂုတ်လရဲ့ စနေနေ့မနက်ကတည်းကလား
ခရစ်တော်မပေါ်မီကလား
ငါမမူးသေးဘူး
ငါ့ဖန်ခွက်ထဲ ၂ ပက်လောက်
ဟေ့ .... ဒီမယ်
အဲဒီသစ်သားစည်ထဲကနေ ဟောဒီ
ဖန်ခွက်ထဲကို ပြောင်းထည့်လိုက်ရုံပဲ
ဒါပါပဲကွ
ငါ့ဖန်ခွက်ထဲ ၂ ပက်လောက်
ထပ်ပြောမယ်ငါ့ဖန်ခွက်ထဲ ၂ ပက်လောက်
နှင်းတွေထဲ လွှားခနဲ လွှားခနဲ
ပြေးနေတဲ့ မြေခွေး
သူမရပ်တော့ဘူး
ရေခဲပြင်ကြီးတစ်ခုပေါ်ကနေ နောက်ထပ်
ရေခဲပြင်ကြီးတစ်ခုပေါ် အအေးဓာတ်က
တလှစ်လှစ်
ဆောင်းရက်တစ်ရက်ကနေ နောက်ထပ်
ဆောင်းရက်တစ်ရက်ဆီ အထီးကျန်မှုဟာ
တရွေ့ရွေ့
ငါစဉ်းစားလို့မရတာက ဖန်ခွက်ထဲကအရက်တွေ
ဘယ်သူသောက်သွားတာလဲ၊ ဖြေကြ
ငါအော်ပြောနေတယ် ဒီမှာ
ငါ့ဖန်ခွက်ထဲ ၂ ပက်လောက် ။

နေမျိုး

ဒီဘ၀မှာ ငါရတဲ့ဝေစု

(မင်းငါ့ကို သိပ်ချစ်တာပဲလားလို့မေးတဲ့)
ဇနီး- ၁
(အဖေကို စိတ်တိုင်းသိပ်မကျတဲ့)
သား- ၂
(ငါနဲ့စိတ်ဓာတ်တော်တော်တူတဲ့)
သမီး- ၁
အိမ်ကလေးတစ်လုံး ရေကန်လေးတစ်ကန်
အသီးသီးတဲ့ ဗာဒံပင်လေးတစ်ပင်
ဟုတ်ယောင်ထင်မှတ်မှားမှုတစ်ခု
တစ်ဝက်တစ်ပျက် အောင်မြင်ကျော်ကြားမှုတစ်ခု
အပြင်းစား သံဝေဂ ၁ ခု
ပိုက်ဆံအိတ်အခွံ ၁ ခု
ငွေစက္ကူနည်းနည်းပါတဲ့ ပိုက်ဆံအိတ် ၁
မရေးရသေးတဲ့ဝတ္ထုတို ၃၂ ပုဒ်
ဂုဏ်ပြုဆုလက်မှတ် ၁ စောင်
အပေါင်လက်မှတ် ၁ ရွက်
ဆဲရေးသံ (အလုံအလောက်)
ပုလင်းခွံတစ်လုံး
(အရင်တုန်းကငံပြာရည်ထည့်တာ)
ဖောင်တိန်တစ်ချောင်း
(ဖောင်တိန်ထဲမှာ ငါတို့မျက်ရည်တွေ)
ကင်ဆာဆဲလ်တွေဖော်ပြထားတဲ့ဓာတ်မှန်တစ်ချပ်
မုန်လာဥချဉ်ပုလင်းကလေးတစ်လုံး
ပြုံးရယ်နေတဲ့ငါတို့မိသားစုဓာတ်ပုံတစ်ပုံ။

(ကဗျာဆရာဝံပုလွေ – နေမျိုး၊ လင်းသစ်ရောင်စဉ်၊ ၂၀၀၈)

လူဖြစ်ရတာကောင်းတယ်

လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်
ငါဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား
အေ့း့   ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
ငါ အစတုန်းက ဒီလောက်မသိဘူး
လူဖြစ်ရတာကောင်းတယ်
ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ
လိုသလောက် ထုတ်လုပ်ထားတယ်
ဒါကြောင့်ငါပြောတာပေါ့
လူဖြစ်ရတာကောင်းတယ်
တစ်ခါတစ်လေ ဘ၀င်နည်းနည်းမြင့်၊ တစ်ခါတစ်လေ အရှက်ရ
တစ်ခါတစ်လေ ဆွေး၊ တစ်ခါတစ်လေ သတိရ၊ တစ်ခါတစ်လေ ပျော်ရွှင်
တစ်ခါတစ်လေ စိတ်တို
လူဖြစ်ရတာကောင်းတယ်
သူမဟာ လူသားမိန်းမတစ်ယောက်
ဒါကြောင့် ငါ ရဲရဲကြီးပြောပါတယ်
လူဖြစ်ရတာကောင်းတယ်
ဆေးရုံတက်မလား၊ ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား၊ အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား၊ နေမျိုးကြီးကဗျာတွေဖတ်မလား
လူဖြစ်ရတာကောင်းတယ်
ယဉ်ကျေးပါ၊ သင်ယူပါ၊ ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရှူံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့ နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ ၀ံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။

နေမျိုး

ဥာဏ်ပညာထက်မြက်တဲ့မြို့

ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ဟိုင်းဝေးလမ်းမကြီးဘေးမှာ
(မိဘမဲ့ကလေးများ)လူငယ်သင်တန်းကျောင်းကိုဖွင့်ထားတယ်
အဲဒီက ခပ်လှမ်းလှမ်းမှာ လူအိုရုံတစ်ရုံကို ဖွင့်လှစ်ထားရှိပြီး
အဲဒီရဲ့ ဟိုဘက်မှာတော့ ဆေးရုံတစ်ရုံကို ဖွင့်လှစ်ထားရဲ့
အင့်း့  အဲဒီကနေ ဆက်သွားမယ်ဆိုရင်တော့
မီးသင်္ဂြိုဟ်စက်ကြီးဆီ ရောက်ရှိသွားနိုင်တာပေါ့
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ သူ့လက်ဖျံပေါ်မှာ
သူ့အမည်ကို ဆေးမင်ကြောင်နဲ့ ရေးထိုးထားတယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ၀ံပုလွေတွေရဲ့ဘာသာစကားတတ်တယ်
ကောင်းကင်ဘုံဘာသာစကားလည်း တတ်မြောက်ထားသတဲ့
ဒါပေမယ့် သူက စကားနည်းပါတယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ဘယ်တက္ကသိုလ်ကောလိပ်ကမှ
ဘွဲ့ဒီဂရီ မရခဲ့ပါဘူး ဒါပေမယ့် သူဟာ ဥာဏ်ပညာထက်မြက်တဲ့မြို့ပါ
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ဦးနှောက်တစ်ခြမ်းက အိပ်နေပြီး
ဦးနှောက်တစ်ခြမ်းက နိုးနေတတ်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ အူဟောင်းလောင်းဖြစ်နေတဲ့
ဘဏ်တိုက်ကြီးတွေကို ၀လင်အောင် အစာမှန်မှန်ကျွေးတယ်
တနင်္ဂနွေတွေမှာဆိုရင် သူဟာ
ရက်စတောရင့်တွေရှိရာဆီ တစ်နေကုန်လျှောက်သွားတတ်တယ်
အဲဒီနေ့တွေဟာ ငါးခေါင်းဟင်းရည်တွေ ရောင်းကောင်းကြတဲ့နေ့ပေါ့
တချို့ တနင်္ဂနွေတွေမှာတော့ သူဟာ
ငါးမျှားမလား ဘုရားသွားမလား စဉ်းစားတယ်
ဒါပေမယ့် နှစ်ခုစလုံး မလုပ်ဖြစ်ဘဲ
ရက်စတောရင့်တွေဆီပဲ ရောက်ရောက်သွားတတ်သူပါ
သူဟာ အစာမစားဘဲ ရက်ပေါင်းများစွာ နေနိုင်သလို
အစားအစာအမြောက်အမြားကိုလည်း တစ်ကြိမ်တည်းနဲ့ကုန်အောင်
စားပစ်နိုင်သတဲ့
ကြယ်တွေကိုရေရင် အူပြတ်တတ်တယ်ဆိုတာကို
ကြားဖူးပေမယ့် ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ
ကြယ်တွေ ရေတွက်တယ်
အဲသလိုရေတွက်ရင်း သူအိပ်ပျော်သွားတာပဲ
(သူ့ဂဏန်းပေါင်းစက်ထဲမှာ ကြယ်တွေအများကြီး)
သူအိပ်ပျော်သွားရင် အိပ်မက်မက်တယ်
အိပ်မက်ထဲမှာ သူဟာ ဘယ်တော့မှ ရထားမမီဘူးတဲ့
ရထားမမီတဲ့ အိပ်မက်တွေကို သူ ခဏခဏ မက်တယ်
အိပ်မက်ထဲမှာ သူဟာ ဘူတာရုံရောက်တော့
ရထားဟာ ထွက်ခွာသွားပြီလေ
ဘာကြောင့်များ သူ ဒီအိပ်မက်ကို ခဏခဏ မက်ပါလိမ့်
သူကြာကြာမစဉ်းစားပါဘူး
ဘာကြောင့်လဲဆိုတော့ မနက်မိုးလင်းပြီဆိုရင်
ရထားတွေ တစ်စင်းပြီးတစ်စင်း သူ့ဆီ ဆိုက်ရောက်လာလို့ပါပဲ။
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ သူ့ဦးခေါင်းကို
နည်းနည်းချင်းဖဲ့ပြီး ဆာလောင်မွတ်သိပ်နေသူတွေကို ကျွေးတယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ
မုန်တိုင်းကို ဖန်ပုလင်းထဲထည့်တတ်တယ်
သူ့မှာ ဖန်ပုလင်းတွေ အများကြီးပေါ့
ပြီးတော့ ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ
ကျွမ်းကျင်တဲ့စိုက်ပျိုးရေးသမားတစ်ယောက်ပါ
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ LUX ဆပ်ပြာကိုကြိုက်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ တစ်ယောက်တည်းဖဲကစားတတ်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ တစ်ခါတစ်လေ (ဗုံတီးသံတွေကြားရင်)
အခန်းတံခါးပိတ်ပြီး ရှိုက်ငိုတယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ကွန်ကရစ်တောအုပ်ထဲမှာ
သူ့ကိုယ်ကို ဖျောက်ထားနိုင်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ပင်လယ်ကြမ်းပြင်အောက်မှာ စွဲလောင်နေတဲ့
မီးကို ငြှိမ်းသတ်ဖို့ တစ်ခုတည်းသောနည်းလမ်းကို
သိသူတွေထဲက တစ်ယောက်ဖြစ်တယ်
ဥာဏ်ပညာထက်မြက်တဲ့မြို့ဟာ ဒီတနင်္ဂနွေမှာ
အပြာရောင်ဂျင်းဂျက်ကက်ကို ၀တ်ပြီး ထရပ်ကားပေါ်ကိုတက်တယ်
ဒရိုင်ဘာကမေးတော့
မင်းမောင်းချင်ရာကိုမောင်းပါ ဝေးချင်သလောက်ဝေးပါစေကွာ တဲ့
ပြီးတော့ ကျွန်တော်ရေးတဲ့ ဒီကဗျာကို
ဇိမ်နဲ့ဖတ်ရင်း လိုက်ပါလာခဲ့ပါတော့တယ်။
(ကဗျာဆရာဝံပုလွေ – နေမျိုး၊ လင်းသစ်ရောင်စဉ်၊ ၂၀၀၈)

အရသာ

ဒီဘက်ခေတ်မှာ
မာ့က်စ်ဝါဒအကြောင်း
မပြောချင်တော့ဘူး။
ဒီဘက်ခေတ်မှာ
အဖြူအမည်းရုပ်ရှင်တွေထဲက
မင်းသား’ရွှေဘ’အကြောင်း
ဒီဘက်ခေတ်ကို
ဖြတ်လျှောက်ဖို့
သမိုင်းစာအုပ်ကိုလှန်ဖတ်ရင်း
ပက်လက်ကုလားထိုင်ပေါ်
အိပ်ပျော်သွားခဲ့တဲ့
နေ့တချို့ရှိရဲ့။
ဘ၀မှာအဆင်မပြေတဲ့
နေ့တချို့မှာ
ကိုယ့်ကိုယ်ကိုယ်
လိမ်ညာခံရတာတွေကို
ပြန်သတိရလာမိတယ်။
လူငယ်ဘ၀မိုက်ခဲ့ရတာတွေ
လူငယ်ဘ၀ကြိုက်ခဲ့ရတာတွေ
တိမ်တွေလို
အစိုင်အခဲလိုက်ရှိပေမဲ့
မရွာသွန်းတော့ပါဘူး။
မတော်တဆ
လမ်းပေါ်မှာ
ငွေစကြေးစ တွေ့တတ်ပေမဲ့
ကိုးကွယ်စရာသူရဲကောင်းကျ အရှားသား
ဒီအရပ်မှာ ဒီပန်း ပွင့်အပ်တယ်လို့
အသိအမြင်တွေ များပေမဲ့
ဒီလိုလူစားမျိုးကျ တကယ်တမ်း ရှိမထင်ဘူး
တနေ့မှာ
ခင်ဗျားလည်း
အောင်မြင်ချင်ပါလိမ့်မယ်
အောင်မြင်မှုဆိုတာ
မြက်ခင်းစိမ်းစိမ်းကြီးပေါ်
ထိုင်နေရတဲ့
အရသာနဲ့တူရင်တော့
ကျွန်တော်လည်း လိုချင်ပါတယ်။
ရာမျိုး (ရနံ့သစ်၊ မတ် ၂၀၀၆)

မွေးစားသား

သစ်ပင်ဆိုရင် သစ်ရွက်တွေ ၀ါးခြမ်းမှာညှပ်
သေနတ်ဆိုရင် ကလေးကစားတဲ့ ချောက်ချက်
မင်းသား ရွှေအ ဆိုရင် လူရွှင်တော်တစ်ယောက်
လူဆိုးကြီး မဲလုံး ဆိုရင် လူရွှင်တော်တစ်ယောက်
နောက်ခံကားဆိုရင် မတောက်တခေါက်
တောပြဇာတ်ကလေးပါ ။
အဲဒီ သစ်ပင်အောက်မှာ (၀ါးခြမ်းတွေလှုပ်ရင်း)
အဲဒီ စကားမပြောတတ်တဲ့ ရွှေအကို (လက်ဟန်ခြေဟန်နဲ့)
အဲဒီ လူဆိုးကြီး မဲလုံးက တွေ့ရှိသွား (ကျောသပ်ရင်သပ်)
အဲဒီ “မွေးစားသား” ဇာတ်လမ်း ဖြစ်ကရော (မယ်ဒလင်သံ)
အဲဒီ တောပြဇာတ်ကလေးပါ ။
ကျေးဇူးတရားတွေ ရောစပ်နေတဲ့ မှို့အိတ်ကို
လက်စားချေခြင်း ကူးတို့ဆိပ်ရောက်ကာမှ
ရွှေအက တိတ်တဆိတ်လေသလပ်ပြတယ် ။
“စကားမပြောတတ်ချင်ဟန်ဆောင်ရတာ
ဗူးဆို့ဖွင့် အရက်ပုလင်း ရေစိမ်သောက်ရသလိုပါပဲ” တဲ့
(ကဲ ရွှေအရဲ့ ဒိုင်တွေ လွှတ်မကောင်းလား)
လူဆိုးကြီး မဲလုံးရေ
ပြုံးပြုံးလေးသာ သေလိုက်စမ်းပါတော့
ရော့ အဲဒါ အဖေ့အတွက် (ဒိုင်း)
ရော့ အဲဒါ အမေ့အတွက် (ဒိုင်း)
ရော့ အဲဒါ ကျုပ်အတွက် (ဒိုင်း)
သုံးချက်စလုံးမှာ
ရွှေအဟာ သူ့ကိုယ်သူ ပစ်သတ်လိုက်ပါတယ် ။

သင်းလှိုင်သစ်
(ရယ်စရာ ၊ မတ် ၊ ၂၀၀၀)

အသံ

အသံတစ်သံ
ငါ့အခန်းကို ငါပြန်ရောက်တော့ စားပွဲမှာ
ငြိမ်သက်စွာ ထိုင်မိခိုက် တိတ်ဆိတ်မှုထဲ
ကြားရတယ် အသံတစ်သံ
“ခင်ဗျားကို ကျွန်တော် ပျော်ရွှင်အောင်ထားပါမယ်”
အသံတစ်သံ
အမှန်ပဲ ငါကြားရတယ်
ငါ့အခန်းထဲ ငါပြန်ရောက်တဲ့အခါ
အရာရာ တိတ်တိတ်ဆိတ်နေခိုက်
ကြားရတဲ့ အသံတစ်သံ
“ခင်ဗျားကို ကျွန်တော် ပျော်ရွှင်အောင်ထားပါမယ်”
ဒီအသံဟာ နံရံတွေဆီက လာတာလား
နံရံကို ငါနားကပ်ထောင်မိတယ် ။ (တိတ်ဆိတ်လို့)
ဒီအသံဟာ စားပွဲပေါ်မှာ ပွင့်နေတဲ့ ပန်းလေးဆီကလာတာလား
ပန်းပွင့်ကလေးကို ငါးနားကပ်ထောင်မိတယ်။ (တိတ်ဆိတ်လို့)
တိတ်ဆိတ်မှုထဲ ဒီအသံဟာ
ဘယ်ကလာတာပါလိမ့်
ဒီအသံဟာ အံဆွဲထဲက ငါ့ဒိုင်ယာရီစာအုပ်ဆီက လာတာလား
စာအုပ်ကလေးကို ငါနားကပ်ထောင်မိတယ်။ (တိတ်ဆိတ်လို့)
ဒီအသံဟာ မင်ဖြည့်ထားတဲ့
ငါ့ ဖောင်တိန်လေးဆီက လာတာလား
ဖောင်တိန်လေးကို ငါနားကပ်ထောင်မိတယ်။ (တိတ်ဆိတ်လို့)
“ခင်ဗျားကို ကျွန်တော် ပျော်ရွှင်အောင်ထားပါမယ်”
အသံတစ်သံ
ငါ ကြားရပြန်တယ်ကွဲ့။
ဒီအသံဟာ ရေခဲသေတ္တာထဲကလာတာလား
ရေခဲသေတ္တာကိုဖွင့်ပြီး ငါနားထောင်မိတယ်။ (တိတ်ဆိတ်လို့)
ဒီအသံဟာ ကဲကလေတာဆီကလာတာလား
ကဲကလေတာကို ငါနားကပ်ထောင်မိတယ်။ (တိတ်ဆိတ်လို့)
(ဒီအသံဟာ ဒုတိယကမ္ဘာစစ်လက်ကျန် ၀ီစကီပုလင်းခွံကြီးထဲက လာတာတော့ မဖြစ်နိုင်)
ဒီအသံဟာ မီးခံသေတ္တာထဲကလာတာလား
မီးခံသေတ္တာကို ငါနားကပ်ထောင်မိတယ်။ (တိတ်ဆိတ်လို့)
ဒီအသံဟာ တိုင်ကပ်နာရီကြီးဆီက လာတာလား
နာရီကြီးဆီကို ငါနားထောင်မိပြန်တော့တယ်။ (ချောက်ချက် ချောက်ချက်နဲ့)
ဒီအသံဟာ သင်တုန်းဓားတစ်လက်ဆီကလာတာများလား
(ဒါကိုတော့ ငါနားထောင်မကြည့်ခဲ့ဘူး)
အသံတစ်သံ တိတ်ဆိတ်မှုထဲမှာ
ငါ ကြားမိတဲ့ အသံတစ်သံ
ဒီအသံဟာ မြည်နေလို့ ကြားရတာလား
ဒီအသံဟာ မမြည်ဘဲ ကြားရတာလား
စဉ်းစားမိပေါ့
“ခင်ဗျားကို ကျွန်တော် ပျော်ရွှင်အောင်ထားပါမယ်”
မိတ်ဆွေ ဒီလို
ခင်ဗျား ရွတ်ဆိုမိပါသလား။

(ကဗျာဆရာ ၀ံပုလွေ - နေမျိုး)

စက်ဝန်း

လောကထဲမှာ .....
နွားတစ်ကောင်ရဲ့ အရေခွံကဖြစ်တဲ့ ဖိနပ်ရယ်
ရေခိုးရေငွေ့ကဖြစ်တဲ့ မိုးတိမ်ရယ်
သစ်ပင်ကဖြစ်တဲ့ ကုလားထိုင်ရယ်
ပန်းပွင့်ကဖြစ်တဲ့ အဆိပ်ရယ်
စကားလုံးကဖြစ်တဲ့ သိက္ခာရယ်
နေရောင်ကဖြစ်တဲ့ အရိပ်ရယ် ။

လောကထဲမှာ ...
နာရီကဖြစ်တဲ့ အချိန်ရယ်
သွေးကဖြစ်တဲ့ နို့ရယ်
အမှန်တရားကဖြစ်တဲ့ မေးခွန်းရယ်
ဘာကဖြစ်မှန်းမသိတဲ့ လူရယ်
လူကဖြစ်တဲ့ ပိုက်ဆံရယ်
ပိုက်ဆံကဖြစ်တဲ့ လောကရယ် ။

လောကထဲမှာ ...........
.............................
.............................

သစ္စာနီ