ကဗျာဆရာ
ခံစားခဲ့ရသော ခံစားချက်တို့က ပြင်းထန်သည်၊ မပြင်းထန်သည် ဆိုသောကိစ္စမှာ
အဓိကမဟုတ် ။ ကဗျာဆရာအားထုတ်သော အနုပညာ ဖန်တီးမှုဖြစ်စဉ် ၊ သို့ ၊
ကဗျာဖန်တီးမှုဖြစ်စဉ်က ထက်သန်သည်၊ မထက်သန်သည်ဆိုသောကိစ္စသာ အဓိကဖြစ်သည်။
လူ့ဘ၀ကထွေပြားသလို
ခံစားမှုများကလည်း စုံလင်သည်။ ပြင်းထန်သော ဝေဒနာကြီးများသာလျှင် ကဗျာတွင်
ပါဝင်ရမည်ဟု မဆိုသင့်ပေ ။ သိမ်မွေ့သော ဝေဒနာငယ်များလည်း ကဗျာတွင်
ပါဝင်ပေသည်။ ကဗျာအောင်မြင်မှုသည် ဝေဒနာအမျိုးအစားပေါ်တွင် မတည်ပေ။ ကဗျာဆရာ၏
အနုပညာ စွမ်းရည်ပေါ်တွင် တည်ပေသည်။
“ကြေးစည်ထု၍၊ သာဓုခေါ်ကာ
သူရောက်လာလည်း၊ ဘယ်ရွာကလည်း
မသဲကွဲခဲ့ ။
ရွာထဲလျှောက်ကာ၊ ဆန်ခံပါလည်း
ဘယ်ငှာဖို့လည်း၊ မသဲကွဲခဲ့ ။
ရွာထဲမှခွာ၊ ထွက်သွားပါလည်း
ဘယ်ရွာသို့လည်း၊ မသဲကွဲခဲ့။
ဝတ်ဖြူစင်ကြယ်၊ ပုတီးလွယ်လျက်
နွေဝယ်ရေချမ်း၊ ပေးလှာကမ်းသို့
ချမ်းသာပါစေ၊ ကျန်းမာစေနှင့်
(ကပ်ကြီးသုံးထွေ၊ ကျော်ပါစေနှင့်)
ပေးဝေမေတ္တာ၊ ပြုသွားပါလည်း
မမာသားတွက်၊ ဆေးရှာထွက်သည့်
မိမျက်နှာမျိုး
အဘိုးညိုညို၊ သက်ကျားအိုကို
လူပျိုငါတို့ မှတ်မပြု ။
ဟိုတစ်နေ့က၊ ရွာဝင်ဝတွင်
ကြားရသည်မှာ၊ နွားပျောက်ရှာရန်
ရွာကလူများ၊ တောသို့သွားစဉ်
အသားညိုညို၊ အဘိုးအိုသည်
ကုန်းမိုတလင်း၊ မြေတခင်း၌
ကိုးန၀င်းခေါ်
ကပ်ကျော်ဘုရား၊ တည်ဆဲနားတွင်
အားလျားမှောက်လျက်၊ သွေးအိုင်ပွက်ဖြင့်
ကျည်ချက်သင့်၍ ဆုံးသတဲ့ ။ ”
အကြောင်းမဲ့တရားကို
ဖော်ပြလိုသည့်အခါ ကဗျာတွင်ပါဝင်သော အချက်အလက်များကို နယ်ခပ်ကျယ်ကျယ် မှ
ထုတ်ယူနိုင်သည်။ ထိုအချက်အလက်များ ဆက်စပ်ပုံကို အတော်အတန် လွတ်လပ်စွာ
သတ်မှတ်နိုင်သော် လည်း လုံးဝစနစ်မဲ့ဖော်ပြနိုင်သည်ကား မဟုတ်ပေ။ ခံစားမှု
လော့ဂျစ်ဟုခေါ်သည့် ခံစားမှုများ ဆက်နွှယ်ခြင်း တရားနှင့်
ကဗျာဖွဲ့စည်းမှုတရားတို့၏ ဘောင်အတွင်း၌သာ ဖော်ပြနိုင်ရသည်။
ဤလို
သက်ကျားအိုမျိုးကို ကျွန်ုပ်တို့ မြင်ဖူးကြသည်။ အံ့သြခဲ့ကြသည်။ အနည်းငယ်
ကြောက်ရွံ့ခဲ့ကြသည်။ ကဗျာ၏ ပထမနှင့် ဒုတိယအပိုဒ်တို့က ကျွန်ုပ်တို့၏
ခံစားချက်များကို အသစ်ပြန်ဖြစ်စေသည်။ ထို့ပြင် သက်ကျားအို၏ အကြောင်းကို
ဟိုဟိုသည်သည် တွေးမိစေသည်။ ခံစားမှုနှင့် ယှဉ်၍ ခံစားမှုအလိုက် အတွေး များကို
ဖွင့်ပေးနိုင်ခြင်းသည် ကဗျာ၏ ဗျက်နှင့် ဇောက်တို့ကို
တိုးချဲ့ပေးရာရောက်သည်။
နောက်ဆုံးအပိုဒ်က
စေ့ဆော်သော ခံစားမှုမှာမူ ပထမနှစ်ပိုဒ်၏ ခံစားမှုတို့က
ညွှန်းသောဖက်များကိုလည်း ကောင်း၊ လှုပ်ရှားမှုများကိုလည်းကောင်း
ရှုပ်ထွေးသွားစေသည်။ တကယ်တော့ ကဗျာဆရာ ရည်စူးသည်မှာ ပထမနှစ်ပိုဒ်တွင်
အပြစ်ကင်းမဲ့သောသူမှာ အကြောင်းမဲ့ ကျည်ချက်သင့်ရခြင်းကို
ပေါ်စေလိုခြင်းဖြစ်သည်။ သို့သော် အကြောင်းအရာနှင့် ဖော်ပြသော ခံစားမှုမှာ
အချိုးမညီ၍ လည်းကောင်း၊ တတိယအပိုဒ်တွင် ပေါ်လာသော ခံစားမှုမှာ ပထမနှစ်ပိုဒ်က
စေ့ဆော်သော ခံစားမှုအဆင့်နှင့် အင်အားအမျိုးအစားမဟုတ်ပဲ လို အပ်သည်ထက်ပိုသော
ခံစားမှုဖြစ်သောကြောင့်လည်းကောင်း ကဗျာမှာ ပျက်ပြယ်သော အရသာနှင့်ပင် ဆုံးရ
သည်။
အဘယ်ကဲ့သို့
အရသာပျက်သနည်း။ ခံစားမှုချင်းဆီလျော်မှု မရှိသောကြောင့်လည်းကောင်း၊
အကြောင်းအရာ နှင့် ခံစားမှုအချိုးမညီသောကြောင့်လည်းကောင်း၊
အကြောင်းမဲ့တရားကို အကြောင်းမဲ့ဟု ဖတ်သူက မခံစား တော့ပေ။ ဖတ်သူသည်
သင့်လျော်ရာအကြောင်းကို လိုက်ရှာတော့သည်။ သက်ကြားအိုသေရခြင်းမှာ
အကြောင်းမဲ့ မဟုတ်တန်ရာ၏။ အကြောင်းရှိရမည်။
ဤသို့
အတွေးနယ်ချဲ့ခြင်းမျိုးသည် ပထမနှစ်ပိုဒ်က အတွေးနယ်ဖွင့်ခြင်းမျိုးနှင့်
မတူပေ။ ပထမဖွင့်သော အတွေးနယ်သည် ကဗျာကို ဖတ်သူက ယုံကြည်သောကြောင့်
ဖွင့်သောအတွေးနယ်ဖြစ်သည်။ ဒုတိယဖွင့် သော အတွေးနယ်သည် ကဗျာဖတ်သူက
မယုံကြည်သောကြောင့် ဖွင့်သော အတွေးနယ်ဖြစ်သည်။ ဒုတိယ အတွေးနယ်သည်
ခံစားမှုမမှန်ကန်သောကြောင့်၊ ခံစားမှုမှာ ဧကန်တရားသဘော မဆောင်သောကြောင့်
ပွင့် ထွက်သွားသော အတွေးနယ်ဖြစ်သည်။
“အတင်းဖန်တီးခြင်းမျိုးကို ကဗျာရေးစပ်ရာတွင် ရှောင်ကြဉ်ရာ၏။”
ခံစားမှု တိကျဖို့လိုသည်။ ၀ိုးတိုးဝါးတား မဖြစ်သင့် ။
“မြေမှာ မွေးဖွား၊ မြေဆီစားလျက်
မြေအားဆန့်ကျင်၊ မိုးကိုမင်သည့်
သဇင်လိုပန်း၊ စင်မြင့်ပန်းကို
မနမ်းမပန်ဆင်လိုပါ။
မြေမှာသန့်စင်၊ မြေသားပေမို့
မြေတွင်တွယ်မှီး၊ မြေနှင့် နီး၍
မြေကြီးကိုခင်၊ မြေကိုမင်သည့်
ငွေစင်ငွေဖူး၊ စံပယ်ဦးကို
ဆွတ်ခူးပန်ဆင်လိုပါသည်”
ကဗျာတွင်
တိကျသော ခံစားမှုမရှိပေ။ အကြောင်းအရာ ကောင်းသော်လည်း တင်ပြပုံက
ဟောင်းနွမ်းသည်။ နရီဆန်းသစ်မှုမရှိ။ “သဇင်လိုပန်း၊ စင်မြင့်ပန်း” တွင် ကာရန်
ငြီးငွေ့စရာကောင်းသည်။ “ငွေစင်ငွေဖူး၊ စပယ်ဦး” တွင် ကဗျာဆန်ပုံက
မဲပြာပုဆိုးပင်ဖြစ်သည်။
ကဗျာဆရာကောင်းတစ်ယောက်သည် ကဗျာ၌ ခံစားမှုပါစေလိုလျှင် တိကျသော မြွက်ဆိုမှုရအောင် ကြိုးစားရ သည်။
ကဗျာတွင်
ဖော်ကျူးသော အကြောင်းအရာနှင့် စပ်သော ကိစ္စအ၀၀ကို ပြည့်စုံစွာ
အာရုံခံယူပြီးလျှင် တိကျသော မြွက်ဆိုချက်ကို ရှာဖွေရေးစပ်ရမည်။
အဘယ့်ကြောင့်ဆိုသော် ကဗျာသည်
ခံစားမှုတို့ကို လောင်း သွန်ရာဌာန ၊ သို့ ၊ လောင်းသွန်ရာဇလုံ
မဟုတ်သောကြောင့် ဖြစ်သည်။ တကယ်တော့ ကဗျာဆိုသည်မှာ ခံစားမှု ကို
သဘောပေါက်ရာဌာန ဖြစ်သည်။
မြဇင် (ကဗျာ့နရီနှင့် နိမိတ်ပုံ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment