၁။ ဘ၀၏ တောင်းဆိုမှု
၂။ စိတ်ဖိစီးမှု
၃။ အဆင်မပြေမှု
ဤသည်မှာ ယခုရက်ပိုင်းအတွင်း ကြုံတွေ့နေရသော ကျွန်တော်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိအကျဉ်း ဖြစ်ပါသည်။ နံပါတ်စဉ်တို့၏ နောက်ကွယ်တွင် ၀တ္တရားပျက်ကွက်မှု နှင့် စိတ်ရှုပ်ထွေးမှုများပါ ပါဝင်လာခဲ့ပါသည်။
နွေသည် အချိန်မှန် ခြွေချမြဲဖြစ်သော သစ်ရွက်တို့နှင့် ခြောက်သွေ့နေဆဲဖြစ်ပါသည်။ ဆန္ဒနှင့် သတိရ လွမ်းဆွတ်စိတ်တို့အား မေ့လျော့နေခဲ့သည်မှာ ယခုနွေတိုင်အောင် အချိန်ကာလမည်မျှ ကြာမြင့်ခဲ့ပါသနည်း။ မိတ်ဆွေအပေါင်းအသင်း နှင့် ဆွေမျိုးအသိုင်းအ၀န်းတို့အား မည်သို့ မည်ပုံ နားလည်နိုင်ရမည်ဟု ယခုအချိန် ထိ ကျွန်တော်သဘောမပေါက်နိုင်ခဲ့ပါ။ အချစ်ဆိုတာကကော နာကျင်ရူးနှမ်းမှုတစ်ခုလို့ မိုက်မိုက်မဲမဲ နားလည်ပစ်လိုက်ရတော့မှာလား။ နွေဦးအတိုင်း ရူးနေခဲ့သော စိတ်လေပွေတို့သည် ထင်ရာစွတ်သွား နေတော့သည်။
“ရှင့်ကို ကျွန်မ နားမလည်ဘူး”
အဲလို ဇာတ်ဝင်ခန်းမျိုးကို သမားရိုးကျ ၀တ္ထုတွေထဲမှာ တွေ့မြင်ကောင်း တွေ့မြင်နိုင်ပါလိမ့်မည်။ အကောင်းဆုံး အသုံးအနှုန်းတို့ နှင့် တည်ဆောက်ထားသော ၀တ္ထုတစ်ပုဒ်သည် တကယ့်လက်တွေ့ဘ၀ထက် တော့ ဖတ်ကောင်းနေမှာ သေချာပါသည်။ အစီအစဉ်ကျနမှုတွေနှင့် ဘ၀ကို ဖော်ထုတ်ဖို့ ကြိုးစားခြင်းသည် သဘာဝကို နီးစပ်အောင်ပုံဖော်နေပါသည်ဟု ယုံကြည်ရန်ခဲယဉ်းလှသည်။
ကျွန်တော်၏ ချစ်သူ (တကယ်တမ်းတော့ ကျွန်တော့်တွင် ချစ်သူမရှိပါ) က ကျွန်တော့်ကို “အရမ်းချစ်တာပဲ” ဟု ပြောသောအချိန်တိုင်း ရင်ခုန်ကြည်နူးမှုတို့ဟာ အတိုင်းမသိပါပဲ ...။ အတိုင်းမသိပါပဲ ..။
လွန်ခဲ့သော လအနည်းငယ်မှ စ၍ သူမသည် ကျွန်တော့်ဘ၀ထဲသို့ တိုးဝင်စိုမိုးခဲ့ပါသည်။ တလှပ်လှပ်ခုန်တတ် သော ရင်အစုံသည် ထိုအချိန်အပိုင်းအခြားမှ စတင်နိုးထခဲ့သည်။ သူမကိုမြင်နေရသော အချိန်တိုင်း ဘ၀ကို ကျေနပ်ရောင့်ရဲနိုင်တတ်ခဲ့သည်။ ဒါပါပဲလေ ... ။ သူမကတော့ သိလိမ့်မယ်မထင်မိဘူး ။ အေးလေ ခပ်ညံ့ညံ့ ဇာတ်လမ်းဇာတ်ကွက်တွေထဲလို ချစ်အရိပ်အရောင်သမ်းနေတဲ့ မျက်စောင်း တစ်ခုတစ်လေမှကို ကျွန်တော် မရရှိခဲ့ပါဘူး ။ ကျွန်တော် ရရှိခဲ့တာက သူမ၏လက်ဆောင်ဟု ခေါ်ဆိုနိုင်သော၊ ဒဏ်ရာအနာတရတစ်ခု၏ နိဒါန်းဟု အမွှမ်းတင်နိုင်သော အထီးကျန်ဆန်ဆန် လက်ဖက်ရည်ဆိုင်မှ အကြွေးစာရင်း စာရွက်များပင် ဖြစ်တော့ သည်။
“မင်းဟာ တော်တော် သောက်သုံးမကျတဲ့ကောင်“
အဲဒီလို မထူးဆန်းတော့တဲ့ အထက်အရာရှိရဲ့ ဆူပူငေါက်ငမ်းမှုတွေဟာ နာကြည်းဖို့အကောင်းဆုံး အခွင့်အရေးတွေ ကျွန်တော့်ကို ပေးနေပေမယ့်လည်း ကျွန်တော်ဟာ ဘ၀ကို နည်းနည်းလေးမှ မနာကြည်းခဲ့ ပါဘူး။ ကြွေးပတ်လည်ဝိုင်းနေတဲ့ဘ၀မှာလည်း နေပျော်တတ်ခဲ့ပါပြီ။
နွေဦးပေါက်လာပြီဆိုတာနဲ့ ကျွန်တော့်တို့ ရပ်ကွက်လေးဟာ ရေရရှိရေးအတွက် စိုးရိမ်တကြီး ပူပန်လာခဲ့ရပြီပေါ့။ ဦးသော်တာရဲ့ ရေစည်ငှားရမ်း၊ ရေရောင်းချမှု လုပ်ငန်းဟာလည်း နွေရာသီရဲ့ အရောင်းရဆုံးစာရင်းမှာ ထိပ်ဆုံးက နေရာယူထားခဲ့ပါပြီ။ ဒီအချိန်ဆို ဦးသော်တာရဲ့ ရေစည်လှည်းငှားရမ်း ရေးလုပ်ငန်းမှာ လူတွေကြိတ်ကြိတ်တိုးနေကြပါပေါ့။ ငရဲပြည်မှာ လူတွေကြိတ်ကြိတ်တိုးနေကြသလိုမျိုး။
နွေရဲ့နေရောင်ခြည်တွေဟာ အလန့်တကြား ထွန်းတောက်လာတဲ့အခါ ရင်ထဲက ဝေဒနာတွေဟာလည်း ပွက်ပွက်ဆူထလို့။ အိမ်ကုပ်ကုပ်လေးတွေရဲ့အောက်မှာ ဘယ်လိုနာကျင်မှုမျိုးတွေနဲ့ လူတွေဟာ ဘ၀ရဲ့နွေကို ဖြတ်သန်းဖို့ ငြိမ်ငြိမ်ဆိတ်ဆိတ် ပူလောင်နေကြရပါသလဲ။ အိုအေစစ်ဆိုတာ ဒဏ္ဍာ ရီတစ်ခုလို သူတို့ရဲ့ သားမြေးမျိုးဆက်တွေ လွမ်းလွမ်းဆွေးဆွေး ပြောပြနေကြတော့မှာလား ။
ကျွန်တော်ဟာ နွေရဲ့လမ်းတွေပေါ်မှာ စိတ်ကူးပေါက်သလို လျှောက်သွားပစ်ချင်နေပေမယ့်လည်း ဦးနှောက်သွေးကြောကို ထိခိုက်နိုင်မယ့်အခြေအနေမျိုးကို ရူးရူးနှမ်းနှမ်းဇွတ်တိုးဝင်ဖို့ အတွေးအခေါ်တွေ မရှိခဲ့တာကြောင့် အဲဒီစိတ်ကူးကို အောင်မြင်စွာ ရုပ်သိမ်းလိုက်နိုင်ခဲ့ပါတယ်။ တကယ်ဆို ဒီလိုအချိန်ဟာ ကိုယ့် ကိုယ်ပိုင်အိမ်ခန်းလေးထဲမှာ “စိတ်ရူးပေါက်တဲ့ နွေ” သီချင်းကို ဂစ်တာတစ်လက်နဲ့ သီဆိုတီးခတ်နေဖို့ အသင့် ဆုံးအချိန်မဟုတ်လား။ ခက်တာက ကျွန်တော်ဟာ အခုအချိန်ထိ ဂစ်တာကို ကောင်းကောင်းမတီးတတ်ရုံသာ မက၊ သီချင်းကိုလည်း စည်းဝါးကိုက်အောင် မဆိုတတ်ခဲ့ပါဘူး။ “စိတ်ရူးပေါက်တဲ့နွေ” ရေ ....... ။
ဘ၀ဆိုတာကို အထီးကျန်ဆန်ဆန်လက်ဖက်ရည်ဆိုင်က အကြွေးစာရင်းများ၊ အသုံးမကျမှုများ၊ အသည်းကွဲဆာလောင်မှုများနဲ့၊ ခယိုခရိုင် ရေစည်လှည်းပေါ်က မနမ်းရသေးတဲ့အလွမ်းများနဲ့ ဖြတ်ကျော်ဖို့ ကြိုးစားရင်း .......

ဒီမိုနေ

No comments:
Post a Comment