အသံတစ်သံ
ငါ့အခန်းကို ငါပြန်ရောက်တော့ စားပွဲမှာ
ငြိမ်သက်စွာ ထိုင်မိခိုက် တိတ်ဆိတ်မှုထဲ
ကြားရတယ် အသံတစ်သံ
“ခင်ဗျားကို ကျွန်တော် ပျော်ရွှင်အောင်ထားပါမယ်”
အသံတစ်သံ
အမှန်ပဲ ငါကြားရတယ်
ငါ့အခန်းထဲ ငါပြန်ရောက်တဲ့အခါ
အရာရာ တိတ်တိတ်ဆိတ်နေခိုက်
ကြားရတဲ့ အသံတစ်သံ
“ခင်ဗျားကို ကျွန်တော် ပျော်ရွှင်အောင်ထားပါမယ်”
ဒီအသံဟာ နံရံတွေဆီက လာတာလား
နံရံကို ငါနားကပ်ထောင်မိတယ် ။ (တိတ်ဆိတ်လို့)
ဒီအသံဟာ စားပွဲပေါ်မှာ ပွင့်နေတဲ့ ပန်းလေးဆီကလာတာလား
ပန်းပွင့်ကလေးကို ငါးနားကပ်ထောင်မိတယ်။ (တိတ်ဆိတ်လို့)
တိတ်ဆိတ်မှုထဲ ဒီအသံဟာ
ဘယ်ကလာတာပါလိမ့်
ဒီအသံဟာ အံဆွဲထဲက ငါ့ဒိုင်ယာရီစာအုပ်ဆီက လာတာလား
စာအုပ်ကလေးကို ငါနားကပ်ထောင်မိတယ်။ (တိတ်ဆိတ်လို့)
ဒီအသံဟာ မင်ဖြည့်ထားတဲ့
ငါ့ ဖောင်တိန်လေးဆီက လာတာလား
ဖောင်တိန်လေးကို ငါနားကပ်ထောင်မိတယ်။ (တိတ်ဆိတ်လို့)
“ခင်ဗျားကို ကျွန်တော် ပျော်ရွှင်အောင်ထားပါမယ်”
အသံတစ်သံ
ငါ ကြားရပြန်တယ်ကွဲ့။
ဒီအသံဟာ ရေခဲသေတ္တာထဲကလာတာလား
ရေခဲသေတ္တာကိုဖွင့်ပြီး ငါနားထောင်မိတယ်။ (တိတ်ဆိတ်လို့)
ဒီအသံဟာ ကဲကလေတာဆီကလာတာလား
ကဲကလေတာကို ငါနားကပ်ထောင်မိတယ်။ (တိတ်ဆိတ်လို့)
(ဒီအသံဟာ ဒုတိယကမ္ဘာစစ်လက်ကျန် ၀ီစကီပုလင်းခွံကြီးထဲက လာတာတော့ မဖြစ်နိုင်)
ဒီအသံဟာ မီးခံသေတ္တာထဲကလာတာလား
မီးခံသေတ္တာကို ငါနားကပ်ထောင်မိတယ်။ (တိတ်ဆိတ်လို့)
ဒီအသံဟာ တိုင်ကပ်နာရီကြီးဆီက လာတာလား
နာရီကြီးဆီကို ငါနားထောင်မိပြန်တော့တယ်။ (ချောက်ချက် ချောက်ချက်နဲ့)
ဒီအသံဟာ သင်တုန်းဓားတစ်လက်ဆီကလာတာများလား
(ဒါကိုတော့ ငါနားထောင်မကြည့်ခဲ့ဘူး)
အသံတစ်သံ တိတ်ဆိတ်မှုထဲမှာ
ငါ ကြားမိတဲ့ အသံတစ်သံ
ဒီအသံဟာ မြည်နေလို့ ကြားရတာလား
ဒီအသံဟာ မမြည်ဘဲ ကြားရတာလား
စဉ်းစားမိပေါ့
“ခင်ဗျားကို ကျွန်တော် ပျော်ရွှင်အောင်ထားပါမယ်”
မိတ်ဆွေ ဒီလို
ခင်ဗျား ရွတ်ဆိုမိပါသလား။
(ကဗျာဆရာ ၀ံပုလွေ - နေမျိုး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment