ဒီနေ့ ။ ။ စွန့်ပစ်ထားခဲ့ချင်တဲ့ မနေ့က ပေမမှီ ထောက်မမှီ နံနက်ခင်းတွေ
ပုဆိုးစ အတင်းဆွဲပြီး ဒရွတ်တိုက် လိုက်ပါလာတဲ့နေ့ ။
ဒီနေ့ မစွန့်ပစ်နိုင်တဲ့ ကိုယ်ပိုင် (၂၄) နာရီ စိတ်ကူးတွေကိုတော့
ကျကွဲမသွားအောင်
စိုးရိမ်တကြီးနဲ့ ပင်ပင်ပန်းပန်း ထမ်းပိုးထားရတဲ့နေ့ ။
အရင်လိုပါပဲလေ
နေ့ပိုင်ရှင်ရဲ့ အဆင်မပြေမှုအတွက်
စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်နေရှာတဲ့နေ့ ။
ချစ်သူတွေကို ကခုန်ပျော်မြူးစေချင်ပေမဲ့လဲ
ကိုယ်ကိုယ်တိုင် ပွဲလမ်းသဘင်ဆိုတာ ဘာမှန်းမသိသေးတဲ့နေ့ ။
မိုးရိပ်မိုးသားတွေရဲ့ အနေအထိုင်လွဲချော်မှုကြောင့်
နေပူကျဲကျဲကြီးထဲ
အမိုးမရှိ အကာမရှိ ထိုင်နေရတဲ့နေ့ ။
တခြားနေ့တွေရဲ့ သရော်တော်တော် မျက်နှာပေးတွေကို
စက်ဆုပ်မိပေမဲ့လဲ
ကိုယ့်တံတွေးကိုယ် ပြန်မျိုချထားရတဲ့နေ့ ။
မှတ်တမ်းတင် ဂုဏ်ပြုပြီး မွေးနေ့ပွဲလေး ကျင်းပပေးလာမယ့် တစ်ချိန်ချိန်ကို
တောင့်တောင့်တတကြီး စောင့်စားနေရတဲ့နေ့ ။
ဘယ်နေ့တွေနဲ့မှလည်း မတူအောင်
ကိုယ့်ဝတ်စုံကိုယ်ဝတ်ပြီး သန့်သန့်ပြန့်ပြန့်လေး နေချင်တဲ့နေ့ ။
ဘယ်တံတွေးစက်မှလည်း မစင်အောင်
ကိုယ့်ဂုဏ်သိက္ခာကိုယ်ခြုံပြီး လုံလုံခြုံခြုံ နေချင်တဲ့နေ့ ။
ဒါပေမယ့်
အရင်လိုပါပဲလေ
မာန်မာနတွေ တစ်နေကုန် တဝေါဝေါ ရွာချပစ်ချင်လို့ မရသေးတဲ့နေ့ ။
ဆင်ခြင်တုံတရားနဲ့ ကံတရား ဆိုတဲ့ ခပ်ညံ့ညံ့ တံခါးနှစ်ရွက်ကြားမှာ
ခြေထောက်တစ်ဖက် ညှပ်နေတဲ့နေ့
ရှိစုမဲ့စု လိုအင်ဆန္ဒလေးတွေ အကုန်လုံး တဆတ်ဆတ်တုန်ခါနာကျင်နေတဲ့
အဲဒီငါ့ရဲ့ ကြာသပတေးနေ့ ။
ကွန်စစ်ကောင်း
(ရယ်စရာ ၊ အောက်တိုဘာ ၊ ၂၀၀၁)
Monday, November 19, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment