Contributors

Monday, November 19, 2012

လိပ်ပြာ

တစ်ည
တစ်ရေးအနိုးမှာ
အိပ်ပျော်နေတဲ့ ကျွန်တော့် ပျော်ရွှင်မှုများတွေအကြောင်း
နှလုံးသားထဲနာကျင် ဆက်အိပ်မရ
ညဟာ
ဖားအော်သံတွေနဲ့ ခြောက်ခြား
ကျွန်တော်က
ကျွန်တော့် ငယ်အိပ်မက်တွေနဲ့ ခြောက်ခြား ။

မှော်ဆရာရဲ့ လက်အောက်ကဘဝ
ကျွန်တော်ဟာ
ထမင်းလား ရေလား ချစ်ခြင်းမေတ္တာလား
အမှောင်အားကိုးနဲ့
ခါးထောက်ရပ်ကြည့်နေတဲ့ ညထဲ
ကိုယ့်ကိုယ်ကို စိုးရိမ်တကြီး လိုက်ရှာနေရ
အတွေးတွေ
လေနဲ့ ၀မ်းနဲ့ မကွဲသလိုဖြစ်ရ ။

ငယ်ငယ်ကပေါ့
စိတ်ကူးရောင်စုံတဖျတ်ဖျတ်ခတ်
မြို့ကြီးဆီ ကျွန်တော် ခရီးထွက်ခဲ့
ရွာကလေးမှာ အဖေ နဲ့ အမေ ကျန်ခဲ့
ညီအစ်ကို မောင်နှမတွေ ကျန်ခဲ့
သူငယ်ချင်းတွေ ကျန်ခဲ့
ကျွန်တော့် အိပ်မက်တွေ ဘယ်ကျန်ခဲ့ ။

စိတ်ကူးစိတ်သန်းတွေက
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့
အဖေနဲ့ အမေကို ပြောဖူး
ညီအစ်ကိုမောင်နှမတွေကို ကြွားဖူး
သူငယ်ချင်းတွေကို လက်မထောင်ဖူး
ကမ္ဘာကြီးဟာ ငါ့ကမ္ဘာလို့ ရဲရဲတွေးဖူး
ကျွန်တော့် ငယ်အိပ်မက်တွေ ပျံသန်းရင်း
အတောင်ကျိုးခဲ့
သုံးဆယ်ကျော်စ ဘ၀မှာ
ငှက်နာ ။

ခုချိန်ဆို
ရွာဦးကျောင်း တုန်းမောင်ခေါက်ချိန်ပေါ့
ကြက်တွေ အပြိုင်အဆိုင် တွန်ချိန်ပေါ့
စိတ်နဲ့ လင်းအရုဏ်ကို ငေး
ကျွန်တော့်နဲ့ ကျွန်တော်ဟာ ဝေးသွား
ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာတဲ့
ကျွန်တော်နဲ့ ကျွန်တော်ဟာ ဝေးသွား
အကြည့်တွေ ထိုးစိုက်ထားပေမဲ့
မမြင်ရတဲ့ အခန်းကျဉ်းကျဉ်းအမှောင်ထဲ ........ ။

ဝိုင်းယဉ်နွယ်
(ချယ်ရိ ၊ ဇွန် ၊ ၂၀၀၂)

No comments:

Post a Comment