မရိုးနိုင်လွန်းတဲ့ ရိုးသားမှုကြီးနဲ့
နာမည်တစ်လုံး ထမ်းတင်ထားရတာ
အသက်ရှူခြင်းအတတ်တွေက ဘတ်စ်ကားတိုးစီးရသလို မလွယ်ဘူး ။
အိပ်ကပ်ထဲ ဆန္ဒဆိုတဲ့ စကားတစ်လုံးပါလာကတည်းက
ဘ၀ကို ၀ယ်ယူဖို့ ကြိုးစားခဲ့တာ
ရင်ခုန်သံတွေ သိုးလို့ ...... ။
ညီမျှခြင်းတစ်ဖက်မှာ ကိုယ်ကိုယ်တိုင်ရပ်
အခြားတစ်ဖက်ကို ဘယ်လို ကွက်လပ်ဖြည့်မလဲ
သီအိုရီ မတွေ့သေးတဲ့ကောင်ပါ ... ။
ယေဘုယျမှတ်တိုင်တစ်ခုမှာရပ်ရင်း
နားရွက်တစ်စုံကို ဓားနဲ့ အထိုးခံလိုက်ရတော့
သွေးသားတော်စပ်ဖူးတဲ့ လေထုတွေ သွေးချင်းချင်းနီလို့
နှလုံးသားက ဆတ်ဆတ်နာ .... ။
လေတိုက်တာကို ယိုးမယ်ဖွဲ့ပြီး
ကိုယ်ကိုယ်တိုင် ချောက်ထဲ ခုန်ဆင်းသွားခဲ့တဲ့ သစ်ရွက်တွေလို
ဘ၀ကို လှည့်ကွက်မဆင်ချင်လို့
မရိုးနိုင်လွန်းတဲ့ ရိုးသားမှုကြီးနဲ့ပဲ
နာမည်တစ်လုံး ဆက်ထမ်းခဲ့တယ် .. ။
မောင်စိုးသစ် (မန္တလေး)
Monday, November 19, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment