Contributors

Monday, November 19, 2012

အဲဒီနေ့ထဲမှာ

အဲဒီနေ့ထဲမှာ
ဘယ်လိုမှ ဆွဲထုတ်လို့မရအောင်
တစ်ဘ၀လုံး ကျကျန်ရစ်ခဲ့တယ်။

ဟောဒီကောင်းကင်မှာ
ရင်ခုန်မှုပါးပါး
အုပ်စုဖွဲ့ ပျံသန်းသွားတဲ့
ပျံလွှားငှက်တွေရဲ့ ပျော်ရွှင်ဖွယ်ရာ အထီးကျန်ဆန်မှုဟာ
ငါ့ကို
စကားဖောရော အတူလာထိုင်နေခဲ့
လူတွေ
စိတ်လှုပ်ရှားဖွယ်ရာ လူးလာခေါက်တုံ့
မသေမချာ သွားလာနေကြ
ငါကကော
မှုန်ဝါးဝါးမျက်လုံးတွေကို
နှလုံးသွေးရဲ့ မျှော်လင့်မှုတွေ တပ်ဆင်လို့
ဟောဒီ ခြောက်ခြောက်သွေ့သွေ့လမ်းမကြီးကိုပဲ
မျိုချနေခဲ့တာ ။

အဲဒီနေ့ထဲမှာ
ဘယ်လိုမှ ဆွဲထုတ်လို့မရအောင်
တစ်ဘ၀လုံး ကျကျန်ရစ်ခဲ့တယ်။

မင်းကို အရှုံးပေးကြောင်း သက်သေပြဖို့
“ချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်း
ဒလိမ့်ကောက်ကွေး ထွက်ကျခဲ့တာလား
ဘာသာဗေဒမရှိတဲ့ ရယ်သံငွေ့ငွေ့လေးအောက်မှာ
ဘယ်လိုကျိန်စာတွေသင့်ခဲ့တာလဲ ကံကြမ္မာရယ်။

မှားယွင်းမှုကို စနစ်တကျထိုင်စောင့်နေမိတဲ့
ပျော့တွဲအေးခဲနေတဲ့ နေ့တစ်နေ့
ရင်ထဲမှာ ရှိခဲ့ဖူး
အဲဒီနေ့ထဲမှာ
ဘယ်လိုမှ ဆွဲထုတ်လို့မရအောင်
တစ်ဘ၀လုံး ကျကျန်ရစ်ခဲ့တယ်။        ။

ဒီမိုနေ

No comments:

Post a Comment