Contributors

Monday, November 19, 2012

မကြေကွဲစေနဲ့တော့

မကြေကွဲစေနဲ့တော့
ငြိမ်ငြိမ်လေး နားစိုက်ထောင်ကြည့်လိုက်
အတွင်းဘက်ကျကျ နှလုံးသားထောင့်က အော်မြည်သံ
ဟစ်ကြွေးမိတဲ့ တေးသီချင်းတွေလည်း
ချစ်ခြင်းရဲ့ နရီစည်းဝါးကို ငတ်မွတ်ပြီ ။

မကြေကွဲစေနဲ့လေ
ကြေကွဲစရာအကောင်းဆုံး ဇာတ်ဝင်ခန်းတွေကို တွေ့ကြုံပြီးတဲ့နောက်
အခု အသစ်ဖွင့်ထားတဲ့ စစ်မြေပြင်မှာ
နှလုံးသားရဲ့ တရားသံကို ဒူးထောက်ဖို့
မင်းက သူရဲကောင်းလား
ငါက သူရဲကောင်းလား
အလွမ်းတွေကိုညှို့တင်ပြီး
ခွင်းပစ်လိုက်တဲ့ မျက်ဝန်းများမှာ
အလိုတူအလိုပါ ကျရှုံးခဲ့သူပါ ။

ပြောပါရစေတော့ ကလေးရယ်
မကြေကွဲပါစေနဲ့
အဖန်ဖန်တုန်လှုပ်ခြင်း သမုဒယမှာ
မြူးမိသူ
ဘယ်သူ့ကြောင့်လို့ ယိုးမယ်ဖွဲ့မရလေသမျှ
ဒီပန်းတွေသာ ဝေစေတော့
ငါ့ကို
မကြေကွဲစေနဲ့တော့ ....... ။         ။


ဒီမိုနေ

No comments:

Post a Comment