Contributors

Monday, November 19, 2012

တစ်ညနေခင်းစာ ပုံကြမ်းများ

အခါတစ်ပါး..
ရည်းစားဟောင်းတစ်ယောက်လို
စိမ်းစိမ်းစိုနေတဲ့
အဝေးကြီးကနေပဲ
စိတ်တွေယားနာထနေရတဲ့
တစ်ဖက်ကမ်းညနေခင်းကို
မျက်လုံးနဲ့ တဖျပ်ဖျပ် သိမ်းပိုက်နေလိုက်တယ် ။

ဟာလာဟင်းလင်းဖြစ်နေတဲ့
ဝမ်းဗိုက်ရဲ့ ဆာလောင်ခြင်းအတွက်
ကမ်းစပ်က လှေတစ်စင်းကို
တကျွီကျွီမြည်အောင် ၀ါးစားရင်း
ရဲတိုက်ကြီးနဲ့တူတဲ့
သူ့အိမ်ကို
လေးလေးတွဲ့တွဲ့ ဦးပြန်လှည့်ခဲ့
လမ်းမှာ တွေ့တဲ့ နုံးနှစ်တွေထဲကိုတောင်
စိတ်ကူးတွေ အပြုံလိုက် အပြုံလိုက်
ထိုးနှစ်နေသေးတယ်၊
အိပ်တန်းပြန် ငှက်တွေကိုတော့
အဲဒီည အိပ်မက်အတွက်
ဖမ်းဖွက်ထားလိုက်ရဲ့ ။

အိမ်ကြီးကမှောင်လိုက်တာ
သက်စွန်ဆံဖျားစိတ်နဲ့
အနက်ရောင်တွေကို တွန်းတွန်းထုတ်ရင်း
နှလုံးသားထဲ မီးခြစ်ဆံတွေ တရှဲရှဲ
(အရေးထဲ နှလုံးသားကလည်း အစိုတွေပျံလို့)
ရှုပ်ပွနေတဲ့ အတ္တတွေကိုလည်း
မဖြစ်ညစ်ကျယ် လှည်းထုတ်လိုက်ပြန်တယ် ။

ပြီးတော့မှ
ကုလားထိုင်တစ်လုံးပေါ်
ခန္ဓာကိုယ်ကို ကြိုးဖြုတ်ချလိုက်ရင်း
မျက်လုံးတံခါးကို ပြန်ဖွင့်လို့
လျှောကနဲ လျှောကနဲ ထွက်ကျလာတဲ့
နက္ကတစ်တွေထဲ
သူကိုယ်တိုင် ပါဝင်နေပုံကို
မူးစုပဲစု အလင်းလေးနဲ့
အေးအေးဆေးဆေးကြီး ကြည့်နေလိုက်တာများ
တစ်ဘ၀စာပစ်ပြီးသွားတဲ့
သေနတ်သမားလိုမျိုး ။        ။

စန်းဦး

No comments:

Post a Comment