အတွေးများ
နွေဦးတောင်တန်းတွေဆီ
ပြန့်ကြဲ
စားပွဲပေါ်
နှင်းဆီတစ်ပွင့်ထွန်းကာ
ကျွန်တော့် မျက်လုံးတွေက
သစ်ဖောင်တွေမျောလာတဲ့ သစ်တောဆီငေးလို့
လွန်လေပြီးသော
လရောင်အောက် ပိရမစ်များ
အဆိပ်ခွက်များပေါ် ပျော်ရွှင်လေခဲ့တဲ့ ရှင်ခြင်းတရားနဲ့
အ၀ါရောင် မြို့ပျက်များထဲက
ကြေးနီရောင်သူငယ်ချင်းများ
အဲဒီမှာ
စီးဆင်းရင်း
ကျွန်တော့်စိတ်များဆန်တက်
ဒီအခန်းလေးထဲမှာ
မင်းအနုပညာ
ဘယ်အထိ ရောက်သွားပြီလဲ
ကလေးရဲ့
အမေ့အသံဟာ အရင်လို စမ်းချောင်းလေး ငါးသွယ်အတိုင်း
ကျွန်တော့် ဆံပင်ရှည်တွေထဲ တငြိမ့်ငြိမ့်
အသံတိတ်စီးဆင်းနေသလား
လူကလေးရဲ့
ချော့မော့ပြီး မေးခွန်းတွေနဲ့
တို့ဖွလို့
ဒီအခန်းလေးထဲမှာ
သတိနဲ့
ကျွန်တော် အတောင်ပံကို အချောသတ်နေခိုက်
အတိတ်ဟာ
နွေသစ်ရွက်များအတိုင်း
ပြိုဆင်းလာခဲ့တာပေါ့ ။
လပြည့်ညဆိုတာ
အမေနဲ့ ကျွန်တော်
ဝေးပြီးကတည်းကမှ
အိတ်ကပ်ကလေးပေါက်
ခုန်ဆင်းပျောက်ကွယ်သွားတဲ့
ငါးမူးစေ့လေးတစ်စေ့ပဲ ။
ခရမ်းပြာထက်လူ
(မြားနတ်မောင် ၊ ဇူလိုင် ၊ ၂၀၀၀)
Monday, November 19, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment