Contributors

Monday, November 19, 2012

ဟိုးဝေးဝေးတောင်ပြာတန်းလေးဆီ

တကယ်ဆို ငါဟာ ငါပဲဖြစ်တယ်
မင်းလည်း မင်းပေါ့
တစ်လမ်းတည်း မဟုတ်ပေမယ့်
မင်းနဲ့ငါဟာ အတူတူ ခရီးသွားကြတယ်
ဟိုး ခပ်ဝေးဝေး .......
တောင်ပြာတန်းလေးဆီ
ဦးနှောက် အပြင်းစား ၊ သံဝေဂ အပြင်းစား
အဲဒါတွေ ထုပ်ပိုးပြီး
တစ်ခါတစ်လေ ချော်လဲကျတဲ့အခါ
မင်း ထူလိုက် ၊ ငါ ထ, လိုက်
ငါ ထူလိုက် ၊ မင်း ထ, လိုက်ပေါ့
ဘ၀ ဟာ ဘာဖြစ်တယ် ၊ ညာဖြစ်တယ်
ငါတို့ မပြောခဲ့ပါဘူး
မင်း ပြောခဲ့ရင်လည်း ငါနားမထောင်ဘူး
ငါတို့ သွားကြတာက
ဟိုး ခပ်ဝေးဝေး ......
တောင်ပြာတန်းလေးဆီ
ဒါပဲ မဟုတ်လား
အေးလေ
“ကိုယ်သွားနေတာကို ကိုယ်သိဖို့တော့ လိုမယ်”
အဲလိုတော့ ခဏ ခဏ ရွတ်ဆိုဖူးပါရဲ့
ငါ တို့ တောင်ပြာတန်းလေးဆီ သွားကြမယ်
လွမ်းစရာအကောင်းဆုံး ဂီတတွေ ငါတို့ ခံစားခဲ့ပြီးပြီ
မေတ္တာဖွဲ့သီချင်းများလည်း ဆိုခဲ့ပြီးပြီ
လူတစ်ယောက်ဟာ လူတစ်ယောက်အဖြစ် ငါတို့ ဒေါသတွေလည်း ပေါက်ကွဲဖူးပြီ
ဒီလိုပဲ
နူးညံ့လိုက် ၊ ပျော့ပျောင်းလိုက် ၊ အညံ့ခံလိုက် ၊ ကျရှုံးလိုက်
ခေါင်းမော့လိုက် ၊ ကြေကွဲလိုက် .......
ဘ၀ဟာ မော်တော်ကားဘီးတစ်ခုလို အဆက်မပြတ် တ၀ီဝီလည်လို့
ငါတို့ အမှတ်သညာတွေလည်း ပြုတ်ထွက်လွင့်စင်ခဲ့
နောက်ဆုံးကျန်ရှိနေတာက
ဟိုး ခပ်ဝေးဝေး ....
တောင်ပြာတန်းလေးဆီ
ငါတို့ သွားနေကြခြင်းရဲ့ အဓိပ္ပါယ်ပါပဲ ........
ငါတို့ဟာ ကိုယ်ဦးတည်ရာကိုတော့ စိုက်လိုက်မတ်တတ်
တဇွတ်ထိုး ရွေ့လျားခဲ့တယ်
အပူငွေ့တွေ တရှိန်ရှိန်တက်နေတဲ့ လွင်တီးခေါင်
တောရိုင်းထနေတဲ့ လောကဓံ အရှုပ်အထွေးများ
မသိခြင်းတရားရဲ့ စိန်ခေါ်သံ
ဒါတွေကို
မင်းလည်း မင်းအတွေးအခေါ်နဲ့
ငါလည်း ငါ့ အတွေးအခေါ်နဲ့
ဖြတ်သန်း
တကယ်ဆို ငါဟာ ငါပဲ မဟုတ်လား .....
မင်းနဲ့ အတူတူ ဆိုပေမယ့်
မင်းလည်း မင်းပဲ
မင်းရောက်ရှိခြင်းဟာ ဘယ်တော့မှ
ငါရောက်ရှိခြင်း ဖြစ်မလာဘူး
ငါတို့ တောင်ပြာတန်းလေးဆီ ခရီးဆက်ကြမယ် ......... ။             

ဒီမိုနေ

No comments:

Post a Comment