တိတ်တဆိတ် ခိုအောင်းနေရတာနဲ့
ငှက်တွေ စကားမပြောနိုင်ကြဘူး
လှိုင်းထန်နေတဲ့ မြစ်ကြီးက ရောင်ကိုင်းမောက်ကြွ
ချော်ကျိကျိသစ်ပင်တွေ လေးလံကိုင်းညွတ်
ပြီးမှ ...... တစ်ဖန် စိမ်းလန်းရဲ့
တိမ်တွေကတော့
တစ်ခုခုကို အပန်းတကြီး ဖုံးကွယ်ထားလေတယ်
ဦးခေါင်းပေါ်မှာ တခြားဘာမှ မရှိဘူးလို့ ထင်ထားသူ
အဲဒီလူတွေကတော့ မိုးရေတွေ ခံယူနေကြ
ဟောဒါ
ရွာနိုင်သမျှ ရွာချနေတဲ့ အလယ်ကောင်ဥတုကြီးပါလေ
စိတ်ကူးတွေလည်း စိုစွတ်ပျော့ဖတ်
နှလုံးသားမှာလည်း ဗွက်ပေါက်စေးကပ်
အဝေးမပြေးနိုင်တဲ့ လမ်းကြို လမ်းကြားလေးပေါ့
တဒိန်းဒိန်း တဂျုန်းဂျုန်း
မိုးချုန်းသလိုလိုနဲ့
မိုးကြိုးတွေ ပစ် ပစ်ချတတ်လွန်းလို့
ညစ်ပတ်ပတ် မည်းသည်းသည်း
ရွှဲရွှဲစိုနေတဲ့ မျက်လုံးတွေနဲ့
သရက်သီးကြွေကောက်နေတဲ့ ကလေးကိုပဲ
ရင်ထဲ ဇွတ်ဆွဲသွင်းထားရတယ် ။ ။
စန်းဦး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment