Contributors

Monday, November 19, 2012

မဒမ်တူးဆော့မြို့သို့ပေးစာ

လူကြီးမင်းရုပ်တုများခင်ဗျား ...
လူကြီးမင်းတို့ဆီ ကျွန်တော် မကြာခင်လာရောက်တွေ့ဆုံဖို့ ရှိပါတယ်
ကျွန်တော်ဟာ လူတစ်ယောက်အနေနဲ့
ထူးဆန်းအံ့သြဖွယ် ရုပ်တုတွေနဲ့ စကားပြောဖို့ အစီအစဉ်ပဲဖြစ်ပါတယ်။
လျှို့ ၀ှက်တိတ်ဆိတ်တဲ့ ရုပ်တုတွေနဲ့ ကခုန်ဖို့ ကြိုးပမ်းမှုလည်းဖြစ်ပါတယ်
ခင်ဗျားတို့ ဟာ မဒမ်တူးဆော့မြို့က လူကြီးလူကောင်းတွေအနေနဲ့
ကျွန်တော့်ကို တစ်စုံတစ်ခုပြောပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်
ခင်ဗျားတို့ကို ဖန်ဆင်းတဲ့သူတွေဟာ တစ်ချိန်မှာ သေဆုံးသွားကြပြီး
ခင်ဗျားတို့ကတော့ ထာဝရရှင်သန်ကျန်ရစ်ခဲ့မှာ ဖြစ်ပါတယ်
နှောင်းလူတွေဟာ ခင်ဗျားတို့ကို လာရောက်ကြည့်ရှု့ပြီး
ခင်ဗျားတို့ဟာ တစ်ချိန်က လူဖြစ်ခဲ့ကြောင်း အသိအမှတ်ပြုကောင်းပြုကြပါလိမ့်မယ်
ခင်ဗျားတို့ရဲ့ ငြိမ်သက်မှုဟာ ကမ္ဘာကြီးကို ထိတ်လန့်စေမှာဖြစ်ပါတယ်
ခင်ဗျားတို့ နေထိုင်ရတာ ပျော်ရွှင်ရဲ့လား ရုပ်တုများခင်ဗျား
ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့
လူကြီးမင်းတို့ဆီ ယခုလို ဆက်သွယ်ရခြင်းဖြစ်ပါတယ်
ကျွန်တော်ဟာ ကျွန်တော့်ကိုယ်ကျွန်တော်
ဖယောင်းရုပ်တုတစ်ခု ဖြစ်မှန်း ရိပ်မိခဲ့တာကြာပါပြီ
အခုဆိုရင် လူတွေရဲ့ ကောက်ကျစ်မှုတွေနဲ့ ပူလောင်နေတဲ့ ကမ္ဘာကြီးမှာ
ကျွန်တော်ဟာ တစ်စ တစ်စ အရည်ပျော် ပုံပျက်နေခဲ့ပါပြီ
ကျွန်တော့်ကို ထုလုပ်ခဲ့တဲ့ တစ်စုံတစ်ယောက်ရဲ့ အမည်ကိုလည်း စုံစမ်းမရခဲ့ပါဘူး
ကျွန်တော်ဟာ ခင်ဗျားတို့ ရုပ်တုတွေ နေထိုင်တဲ့
မဒမ်တူးဆော့မြို့ကို စိတ်ဝင်စားနေခဲ့တာ ကြာပါပြီ
ကျွန်တော်ဟာ ရုပ်တုတစ်ခုဖြစ်မှန်းနားလည်မိတဲ့ နေ့ကစလို့ပေါ့
မဒမ်တူးဆော့ဟာ ကမ္ဘာကြီးရဲ့ ဖုံးကွယ်ထားတဲ့ အဓိပ္ပါယ်တစ်ခု ဖြစ်လိမ့်မယ်
လူကြီးမင်းတို့ဆီ ကျွန်တော် မကြာခင် ရောက်ရှိလာဖို့ ရှိပါတယ်
လူယောင်ဆောင်ထားတဲ့ ရုပ်တုတစ်ခုအနေနဲ့ ။        ။


ပိုင်
ဗြူတီမဂ္ဂဇင်း ၊ နိုဝင်ဘာ ၊ ၂၀၀၃

No comments:

Post a Comment