Contributors

Monday, November 19, 2012

ရာဘင်ဒြာနသ်တဂိုး

အမေ ....
ကျွန်တော် စကားပွင့်ဖြစ်သွားတယ်ဆိုပါစို့ ...
(ပျက်ရယ်ပြောတာပါ)
စကားပင်ရဲ့ ကိုင်းမြင့်တစ်ခုမှာ ပေါက်ပြီ လေထဲမှာ
တလှုပ်လှုပ်နဲ့
ရယ်လို့ မောလို့ ..
ပုရစ်ဖူးလေးတွေအပေါ်မှာ ကခုန်နေရင်
ကျွန်တော့်ကို သိပါ့မလားအမေ ...
“လူကလေးရေ မင်းဘယ်မှာလဲ...” လို့
အမေက ခေါ်တော့ ...
ကျွန်တော် ကျိတ်ရယ်ပြီး
တိတ်တိတ်လေးနေမှာပေါ့
ပွင့်ချပ်ကလေးတွေ အသာလှုပ်ပြီး အမေအလုပ်လုပ်တာကို
ချောင်းကြည့်မယ် ။
အမေ ရေချိုးပြီး ...
ဆံပင်ဖျားလျားနဲ့ ...
စကားပင်ရိပ်အောက်ကဖြတ်ပြီး ဘုရားရှိခိုးတဲ့
မြေကွက်ကလေးဆီကို သွားတော့ ...
စကားပန်းနံ့ကို အမေရလိမ့်မယ်
ဒါပေမယ့် ....
ကျွန်တော့်ဆီကလာတဲ့ ပန်းရနံ့ကိုတော့ အမေသိမှာ မဟုတ်ဘူး
နေ့လည်စာစားပြီးလို့ ....
အမေပြတင်းပေါက်မှာထိုင်ပြီး
ရာမရဏကို ဖတ်နေတုန်း ..
စကားပင်ရဲ့ အရိပ်ဟာ ...
အမေ့ကိုယ်ပေါ်ကျတော့ ...
ကျွန်တော်က အမေဖတ်တဲ့ စာလုံးတွေပေါ်
ကျွန်တော့် အရိပ်ကလေးကို ထိုးချမယ်
ဒါပေမယ့် ...
အမေ့သားငယ်ရဲ့ အရိပ်ကလေးလို့
အမေတွေးမိပါ့မလား ..
ညနေစောင်းတဲ့အခါ ...
မီးတိုင်လေးကို ကိုင်ပြီး ...
နွားတင်းကုတ်ကို အမေသွားတော့
ကျွန်တော် ...
မြေကြီးပေါ်ကို ဖြုတ်ကနဲ ကြွေကျလာပြီး
အမေ့လူကလေး ပြန်ဖြစ်မှာပေါ့ ...
ဒီတော့မှ ...
အမေ့ကို ပုံပြောခိုင်းမယ် ၊
ဘယ်သွားနေလဲ လူရှုပ်ကလေးလို့ အမေက မေးလာခဲ့ရင်
မပြောဘူးအမေ ....... လို့
ကျွန်တော် ဖြေမယ်လေ ... ။            ။

ရာဘင်ဒြာနသ်တဂိုး
(ဆန်းစသော်တာ ကဗျာစု)

No comments:

Post a Comment