ကိုယ့်အတ္တကိုယ် ပြန်ဆန်းစစ်ဖို့ရာ
လူတွေတစ်နေ့လုံး မအားရရှာဘူး
လှိုင်းမူးနေရတာနဲ့ပဲ
ကိုယ့်နာမည်ကိုယ်မေ့လို့ ။
မိုးရွာတုန်းရေခံကြရတာပဲ မဟုတ်လား
တိမ်တွေကို ကွန်ပစ်ဖမ်းတယ်ဆိုတာလည်း
အတတ်ပညာ လိုတာပဲကွယ်
နည်းလမ်းကောင်းတွေ ကွက်ကျားရွာသွားပုံက
ငါ့တစ်မြို့စာတောင် ဖုန်မသိပ်ခဲ့ဘူး ။
ပေါက်စဉ်တိုက်စရာ မလိုအောင်
လွဲပြီးသားအိပ်မက်တွေ သိုးကျိနေခဲ့
အနာဂတ်လှလှ အတိတ်ကလေးမှ အားမနာ
အင်းလေ
ဒင်းကိုယ်တိုင်က
လေသလပ်တာလေးနဲ့ မှိုတက်ခဲ့တာကိုး ။
မဖြစ်ချေဘူး
ဘ၀ကို ကံစမ်းမဲနဲ့ပဲ
ထုံးတမ်းစဉ်လာ ဖျားယောင်းကြည့်လိုက်မယ်
သွေးလန့်စရာ
မှောအတတ်နဲ့လက်တွေ
မဲလိပ်ဖွင့်တာမြင်ရ
ဒီတော့မှ
ကျုပ်နာမည် သတိရတော့တယ် ။
သစ်အောင်ခိုင်
(မြားနတ်မောင် ၊ ဇွန် ၊ ၁၉၉၇)
Monday, November 19, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment