တစ်နေ့မတော့
အလုပ်လက်မဲ့နေ့ဟာ
ကျွန်တော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ပေါက်ချလာ
စီးကရက်ကိုဖွာလို့
မိတ်ဆွေကောင်းတစ်ယောက်အပေါ်
အဆင်သင့်ဖြစ်နေပုံမျိုးနဲ့
ကျွန်တော် သူ့ကို ကြိုခဲ့ ။
သူနဲ့ကျွန်တော်ဟာ
လမ်းထိပ်ကဖီးမှာ အတူထိုင်လို့
ရောက်တတ်ရာရာပြောလို့
သူ့အဆိုအရ
ဗင်းဆင့်ဗန်ဂိုးဟာ အလုပ်လက်မဲ့တဲ့
ပေါလ်ဂေါ်ဂင်ဟာလည်း အလုပ်လက်မဲ့တဲ့
ကမ္ဘာကျော်တွေအကြောင်း ပြောဖြစ်ကြတယ်
သူကိုယ်တိုင် ကမ္ဘာကျော်တစ်ယောက်ဖြစ်ကြောင်းကိုတော့
ချန်လှပ်ထားခဲ့ကြပေါ့
သူ့အလုပ် ကိုယ့်အလုပ် မကွဲတဲ့လောကမှာ
သိက္ခာရှိတဲ့ အလုပ်လက်မဲ့များ
စားပွဲပေါ်က အလုပ်လက်ရှိနေ့ရက်များအပေါ်
စိတ်ကျေနပ်မှု ရခဲ့ကြပါရဲ့လား
သူ့မေးခွန်းတွေ
အဖြေရကြပ်လှချည့်
သူရောက်လာခဲ့တဲ့နေ့တွေတိုင်း
ညနေတိုင်ရင်
မြို့အထွက်က ဥပေက္ခာစေတီလေးဆီ
ခြေဦးလှည့်ကြ
ထုံးသင်္ကန်းရုံထားတဲ့ စေတီလေးမှာ
မလုံမလဲစိတ်ကိုတော့
အတတ်နိုင်ဆုံး ဖုံးဖိထားခဲ့ရတယ်
ထုံးစံအတိုင်းပါပဲ
သူပြန်သွားတဲ့အခါ
ကဗျာတစ်ပုဒ်တော့ ရေးဖြစ်ဦးမှာ
သိပ်ကို သေချာလွန်းနေပေါ့ ။ ။
ဒီမိုနေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment