ပတင်းပေါက်ကို ပိတ်ထားလိုက်ပေမယ့် အိပ်မရဘူးဖြစ်နေတယ်
နေ့ခင်းတစ်ဝက်လုံး ငြိမ်သက်မှု အနေအထားနဲ့
အိမ်ရှေ့လမ်းမပေါ် ကားတွေ တစ်စင်းပြီးတစ်စင်း ဖြတ်မောင်းသွားသလို
အဖြစ်အပျက်တွေက မြန်ဆန်လွန်းတယ်
ကုသိုလ်ဖြစ်ဖြစ် အကုသိုလ်ဖြစ်ဖြစ် လူ့အဖြစ်ဆီရောက်ရှိခဲ့ကြောင်း
ပေါင်မုန့်တစ်လုံး အသုံးချနည်းနဲ့လည်း ဆက်စပ်နေခဲ့
တနင်္ဂနွေနေ့တစ်နေ့က ဖတ်ခဲ့တဲ့ သိုင်းဝတ္ထုတစ်ပုဒ်က
ရွက်စုတ်ပြက္ခဒိန်ပေါ်က ပျင်းရိငြီးငွေ့ဖွယ်ရာ နေ့တစ်နေ့နဲ့ ဆက်စပ်နေခဲ့
ယုတ္တိရှိသည်ဖြစ်စေ မဲ့သည်ဖြစ်စေ ဆက်သွယ်တဲ့ ကြိုးမျှင်တွေရှိနေခဲ့ပြီ
လက်ဆင့်ကမ်းမျိုးဆက်တွေ တွက်ချက်ခဲ့သော်လည်း အဖြေမရဘဲ
ဒီအတိုင်းဆက်ဖြစ်နေတဲ့ ကမ္ဘာဦး သင်္ချာပုစ္ဆာတွေ ရှိနေခဲ့ပြီ
တစ်သက်လုံးကိုင်စွဲခဲ့တဲ့ မေးခွန်း၊ သင်ခန်းစာနဲ့ အိုမင်းရင့်ကျက်မှု
ပေတံတွေ ကျိုးပျက်ကုန်ပြီ ။
ရတာမလို လိုတာမရ အလိုဆန္ဒတွေ ပင်လယ်လို ကျယ်ပြောပြန့်ကားလေတော့
ကိုယ့်ပင်လယ်ကိုယ် ကူးဖြတ်နေကြတာနဲ့ပဲ အချိန်တွေ ကုန်ဆုံးခဲ့တယ်။
ဆယ်ပေါင်တူတစ်လက်နဲ့ ရိုက်ခွဲလိုက်တဲ့ ပုလင်းခွံတစ်လုံးလို
ကိုယ်မှာကပ်နေတဲ့ သတိတရားတွေ အဲဒီ လောကဓံက ရိုက်ခွဲခဲ့
အတိတ်ကို မေ့စေခဲ့တယ် ။
သွေးဆုတ်ဖြူရော်နေတဲ့ လေညင်းရဲ့ အရောင်အ၀ါကို မြင်ရ
ယင်တလောင်းလောင်းထနေတဲ့ ဘ၀တွေထဲက
လူ့ဘ၀အရသာဟာ အာရုံမှာ ကပ်ငြိစွဲကျန်နေတဲ့ အသားစတစ်ချို့ ဖြစ်ပေလိမ့်မယ်။
အဖြောင့်စီးဆင်းမှုကို မြင်ရပေမယ့် ဒီလမ်းကို တစ်ခါတစ်ရံ မြွေတစ်ကောင်လို တွန့်လိမ်သွားရ
ကိုယ့်ကမ်းပါးကို ပြန်ဖဲ့နေတဲ့ မြစ်တစ်မြစ်ရဲ့ စီးဆင်းလေးနက်ပုံမျိုးနဲ့
အဓိပ္ပါယ်ဖွင့်ရခက်တဲ့ အချစ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် ရိုသေခွင့်ရှိရဲ့မဟုတ်လား ။
မတော်တဆ တိုက်ဆိုင်မှုဖြစ်စေ
အဲဒီအဝေးပြော တယ်လီဖုန်းခေါ်သံတွေမှာ နှလုံးသည်းပွတ်ချင်း မဝေးပါရစေနဲ့
ဝင်ရိုးစွန်းတစ်ဖက်စီမှာ ကြွေကျသွားတဲ့ ကြယ်တွေလို
ကြွေကျသွားမှ နောင်တရ မကြေကွဲပါရစေနဲ့
မကြခဏ သူစိမ်းရဲ့ မျက်နှာမျိုး
နိုးထတစ်ဝက် အိပ်မက်သူညနေရယ် ......

နောက်ဆုံးလက်ကျန် ငါ့ဆီမှာ လေညင်းကို လုယူမသွားပါနဲ့ ။ ။
ရာမျိုး
(ချယ်ရီ ၊ ဒီဇင်ဘာ ၊ ၂၀၀၁)
No comments:
Post a Comment