ကမ္ဘာပေါ်မှာ နေထိုင်တဲ့သူတွေက
ကမ္ဘာကြီး လုံးတာကို ယုံကြသတဲ့
ငါကတော့ မယုံဘူး ... အိသက်ချို ။
စ,ထွက်ခဲ့တဲ့ နေရာကို
ပြန်ရောက်တတ်တာလေးတစ်ခုနဲ့
ကမ္ဘာကြီးက လုံးသတဲ့လား ။
“ကမ္ဘာပြားအသင်း” ကို မ၀င်ခဲ့ပေမယ့်
ကမ္ဘာကြီးလုံးတယ်ဆိုတာ
ငါ မယုံဘူး ... အိသက်ချို ။
ဒီဘ၀မှာတင်
ချက်ချင်း ၀ဋ်လည်တတ်တာလေးတစ်ခုနဲ့
ကမ္ဘာကြီးက လုံးသတဲ့လား ။
မယုံဘူး
ချစ်လျက်နဲ့ ခွဲခွာခဲ့ရတဲ့သူတွေ များပြီ
နာမည်တွေ တန်းစီရေးရင်
ကျမ်းလေးမှာစိုးတယ် အိသက်ချို ။
ဒီနေ့မနက် နေထွက်ပြီး
နောက်တစ်နေ့ မနက်
နေပြန်ထွက်တာလေး တစ်ခုနဲ့
ကမ္ဘာကြီးက လုံးသတဲ့လား ။
ငါကတော့ ခုချိန်ထိ မယုံဘူး
မင်းနဲ့ငါ ပြန်ဆုံခွင့် မရတာရယ်
ဒီဘ၀ ဒီတစ်သက်
ဆုံးဆည်းနိုင်စရာ အကြောင်း မရှိတော့တာရယ်
ဝဋ်ကလည်း လည်မယ်မထင်တော့တာရယ်
စ,ချစ်ခဲ့တဲ့ နေရာလေးကို ပြန်မရောက်နိုင်တော့တာရယ်
ငယ်ဘ၀လေးကို ပြန်မရနိုင်တော့တာရယ်
ကမ္ဘာကြီးက (လုံးဝ) မလုံးဘူး ။
ခွဲခွာခဲ့ရတာတွေ များတော့
ဘယ်ဘက်ရင်ဘတ်ကြီးလည်း နာလှပါပြီ
သေချာတာက
အချစ်ဆိုတာ
ကလေးတွေ အပျော်စီး ကစားတဲ့
ခြားရဟတ်မဟုတ်ဘူး ... အိသက်ချို ။
မြင့်ဦးဦးမြင့်
(မဟေသီ ၊ ဇန်န၀ါရီ ၊ ၂၀၀၁)
Monday, November 19, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment