Contributors

Monday, November 19, 2012

အချစ်

အခုဟာက
အဓိပ္ပါယ် ဖွင့်ဆိုဖို့ မဟုတ်ဘူး
သူ့အတိုင်း စီးဆင်းစေဖို့သာ
အဖြူရောင်
ချစ်ခြင်းဖွဲ့စာသားတွေ တစ်ခွန်းမှ ရွတ်ဆိုမပြခဲ့ဘူး
နှုတ်ခမ်းမှာ ပွင့်နေတဲ့ပန်းက မတိတ်အောင် ရွာမြဲ
မချစ်ပါဘူး ......
အဲလို ယိုဖိတ်လာတဲ့ မုန်တိုင်းတွေ လှိမ့်နေအောင်
အပျော်လွန်စိတ်တွေ တစိမ့်စိမ့်
တစ်နေရာရာမှာ စိတ်လှုပ်ရှားမှုကို လွှဲဖယ်ဖို့
ပို့ထားတဲ့ အကြည့်တွေ ငြိမ်ငြိမ်သက်သက်
ဖျပ်ကနဲ မျက်လွှာပင့်ရင်
မလွတ်တမ်း ဖမ်းဆုပ်လိုက်ရတဲ့ တေးသွားများ
ငါဟာ ကမ္ဘာမှာ မရှိတော့ဘူး
နှစ်ယောက်ဆိုပေမယ့်
စင်ကြယ်လွန်းတဲ့ အခိုက်အတန့်မှာ
သူနဲ့ ငါဟာ တစ်ယောက်တည်း
တိုးတိုးလေး ဆုပ်ကိုင်ထားတဲ့ နူးညံ့မှုဟာ
ဖ၀ါးတစ်ပြင်လုံး ထိခိုက်တုန်လှုပ်အောင်
အကျယ်လောင်ဆုံး ရင်တွင်းသံတွေ ဖြစ်ခဲ့
မနာကျင်စေချင်ဘူး
မဆုံးနိုင်အောင် ပြန့်ပြောတဲ့ လူ့ဘ၀ စိန်ခေါ်သံတွေကြား
ချစ်ခြင်းမှာ ငြိမ်းအေးစေတော့
အပိုဆိုလို့
အချိန်ရဲ့ ကန့်သတ်မှုစည်းဘောင်တွေသာ ရှိရဲ့
ဘာဆို ဘာမှကို မလိုအပ်တော့အောင်
ငါတို့ ကြားပြီးသား
သီချင်းသံတွေကို ကိုယ်စားပြုစရာမလို
တစ်ယောက်ဆီ တစ်ယောက် ရောက်ရှိပြီးကြောင်း
ထောက်ခံချက် တစ်စုံတစ်ရာ
ထားလိုက်တော့လေ
အခုဟာက
အဓိပ္ပါယ် ဖွင့်ဆိုဖို့ မဟုတ်ဘူး
သူ့အတိုင်း စီးဆင်းစေဖို့သာ ။        ။


ဒီမိုနေ

No comments:

Post a Comment