ထွက်ကျလာတဲ့
ပြကွက်တွေကို မရဘူး
ထွက်ကျလာတဲ့
အနွေးဓာတ်ကို မရဘူး
ထွက်ကျလာတဲ့
အသွေးအသားတွေကို မရဘူး
ထွက်ကျလာတဲ့
လှုပ်ရှားမှုတွေကို မရဘူး
ထွက်ကျလာတဲ့
ဝလင်ခြင်းတွေကို မရဘူး
ဘာဆို
ဘာမှကို မရ
ဘာကိုမှ မရလိုက်ခြင်းမှာ
ငါ့ဒေါသတွေ ပွယောင်းမုန်ယိုတယ်
ကိုယ်တိုင်ပဲ အဲဒီထဲ ၀င်လိုက်တော့မယ်
အားလုံးကို လှစ်ဟလိုက်ကြ
ငါဝင်လာတာသိကြစမ်းဟေ့ ။
အထဲမှာ တကယ်တွေ့ရတာက
မကျက်သေးတဲ့ အနာများ
ကျယ်လောင်မှုများ
မွတ်သိပ်မှုများ
ပုံပျက်ပန်းပျက်များ
အတတ်ပညာများ
သာ
အဲဒါ အားလုံးကို ကြိတ်ဝါးနေတာက
တစ်ခွင်လုံး ပြည့်နေတဲ့
အဆမတန် ယန္တရားကြီး
ငါ့ထက် ပြင်းထန်တဲ့ ဒေါသနဲ့
ငါ့ထက် မြန်ဆန်တဲ့ အရှိန်နဲ့ ။
ပြကွက်တွေ
အဲဒီကဖြစ်လာတာ
အနွေးဓာတ်တွေ
အဲဒီကဖြစ်လာတာ
အသွေးအသားတွေ
အဲဒီကဖြစ်လာတာ
လှုပ်ရှားမှုတွေ
အဲဒီကဖြစ်လာတာ
ဝလင်ခြင်းတွေ
အဲဒီကဖြစ်လာတာတဲ့လေ ။
တစ်ပြိုင်နက်ထဲ
ဘယ်ဆီက တိုက်ခတ်မှုမျိုးကြောင့်
ငါ ဒီလောက် လှုပ်ခါခဲ့ရလေသလဲ
ဘယ်သူက ဆွဲယူလိုက်တာလဲ
မတွေးမဆ ထိန်းမရတော့ပဲ
ယန္တရားထဲ
လိမ့်ကျ သက်ဆင်းခဲ့ရ
.................................
.................................
.................................
ကြေမွပြီး
တစ်စုံတစ်ခုအဖြစ် ထွက်ကျခဲ့ရတယ် ။
ငါ့ကို
ဘယ်သူ အရယူလေမယ်
မသိ ။
စန်းဦး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment